သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်အတွက် ဒေါ်လာသန်း ၅၀၀ ကျော် အမေရိကန် ထောက်ပံ့မည်

ပါကစ္စတန်နိုင်ငံရဲ့ အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံက အစွန်းရောက်မှုတွေကို တိုက်ဖျက်တဲ့ နေရာမှာ ပါကစ္စတန် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရဖို့အတွက် အမေရိကန် ပြည်ထောင်စုက ကြိုးပမ်းလုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံက ပါကစ္စတန်နိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် အကူအညီ ပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ကြေညာခဲ့ပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရှား မာမွတ် ကူရာရှီး (Shah Memood Qureshi) နဲ့ အစ္စလမ္မာဘတ်မြို့မှာ တနင်္လာနေ့က ကျင်းပပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ စွမ်းအင်၊ ရေ၊ ကျန်းမာရေးနဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွေမှာ တိုးတက်မှု စီမံကိန်းတွေက ပါကစ္စတန် စီးပွားရေးကို မြှင့်တင်ပေးနိုင်မှာ ဖြစ်တယ်လို့ ဝန်ကြီးကလင်တန်က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံဟာ ပါကစ္စတန်နိုင်ငံနဲ့ ပိုပြီး အားကောင်းတဲ့ အကျိုးတူ ဆောင်ရွက်မှုတွေကို လုပ်သွားမယ်လို့ ဆိုပါတယ်။

အခုလို အကူအညီ ပေးနေတာတွေဟာ ပါကစ္စတန် ပြည်သူတွေကို တာလီဘန်နဲ့ အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေကို တိုက်တဲ့နေရာ တခုတည်းမှာပဲ အမေရိကန် အစိုးရက အကူအညီတွေ ပေးနေတာ မဟုတ်ဘဲ ပါကစ္စတန် ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေ တိုးတက်ဖို့ ကိစ္စမှာလည်း အမေရိကန် အစိုးရက တစိုက်မတ်မတ် လုပ်နေတယ် ဆိုတာကို ပါကစ္စတန်ပြည်သူတွေ ယုံကြည်လာအောင် ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံ အကုန်ခံပြီး လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးကတော့ နယ်ပယ်အသီးသီးမှာ အမေရိကန်ရဲ့ တိုးမြှင့်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေက ပါကစ္စတန်နိုင်ငံမှာ အမေရိကန်အပေါ် လူထုရဲ့ အမြင်တွေ ပြောင်းလဲအောင် လုပ်တဲ့နေရာမှာ အရေးကြီးတယ်လို့ ပြောပါတယ်။

This item is part of
XS
SM
MD
LG