သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hillary Clinton သမ္မတရွေးကောက်ပွဲဝင်မည်

၂၀၁၆ ခုနှစ် ဒီမိုကရက်တစ်ပါတီကနေ သမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံဖို့ ကြေငြာလိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်
၂၀၁၆ ခုနှစ် ဒီမိုကရက်တစ်ပါတီကနေ သမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံဖို့ ကြေငြာလိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်

လပေါင်း အတန်ကြာအောင် ထင်ကြေးပေးပြောဆိုမှုတွေဖြစ်ခဲ့ပြီးတဲ့ နောက် အမေရိကန် သမ္မတဟောင်းကတော်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း တဦးလည်း ဖြစ်သူ Hillary Clinton ဟာ ၂ဝ၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တဲ့အကြောင်း မကြာခင်ကပဲ ကြေညာခဲ့ပါတယ်။

ဒါကတော့ သူ့အနေနဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တဲ့အကြောင်း ထုတ်လွှင့်တဲ့ ကြေညာချက်မှာ ပြောကြားသွားတာပါ။ စီးပွားရေး ပြန်ပြီးကောင်းလာအောင် လုပ်ရမယ်။ အမေရိကန်နိုင်ငံမှာ သမ္မတအသစ်တယောက် လိုအပ်နေပါတယ်။ အဲဒီသူဟာ အမေရိကန် နိုင်ငံသားတွေရဲ့ အိပ်မက်တွေကို အလေးအနက် နားလည်တဲ့ သူတယောက် ဖြစ်ရပါလိမ့်မယ်လို့ Mrs. Clinton က ပြောသွားတာပါ။

Mrs. Clinton က သူမရဲ့ အင်တာနက် လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ မှာ အဲဒီလို တရားဝင် ကြေညာလိုက်တာ ဖြစ်ပါတယ်။ သူမအနေနဲ့ လူလတ်တန်းစား နိုင်ငံသားတွေအရေး အလေးပေး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ကတိပြုပြောဆိုသွားပါတယ်။

Mrs. Clinton သမ္မတ အိုဘားမားရဲ့ အရိုက်အရာကိုဆက်ခံဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း ပထမဆုံး ကြေညာတဲ့ ဒီမိုကရက်ပါတီဝင် ဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ်တုန်းကလည်း သမ္မတရာထူးဝင်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ မစ္စတာအိုဘားမားက အနိုင်ရရှိ သွားခဲ့တာပါ။

မကြာခင်က ကောက်ယူခဲ့တဲ့စစ်တမ်းမှာတော့ Mrs. Clinton ဟာ တခြားဒီမိုကရက်ပါတီတွင်းက သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြေ ရှိသူတွေအပေါ် အသာစီးရထားတယ်လို့ဆိုပါတယ်။ သူမဟာ ၂ဝ၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင် သမ္မတလောင်းတွေ ကိုတောင် အပြန်သတ် အနိုင်ရနိုင်ခြေရှိကြောင်း ပြသနေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG