သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နေပြည်တော်မှ တိုက်ရိုက် သတင်းပို့


ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နေပြည်တော်မှ တိုက်ရိုက် သတင်းပို့
ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နေပြည်တော်မှ တိုက်ရိုက် သတင်းပို့

နှစ်ပေါင်း ၅၀ အတွင်း ပထမဦးဆုံးအကြိမ် သမိုင်းဝင် မြန်မာနိုင်ငံခရီးကို စတင်တဲ့ အနေနဲ့ ဒီကနေ့ ညနေပိုင်းက နေပြည်တော်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ရောက်သွားခဲ့ပါပြီ။ သူ့ရဲ့ ဒီခရီးစဉ် အခြေအနေနဲ့ ပတ်သက်ပြီးတော့ နေပြည်တော်မှာ ဒီခရီးကို သတင်းယူဖို့ရောက်နေတဲ့ မစုမြတ်မွန်ကို ဝါရှင်တန်ကနေ မနန္ဒာချမ်းက တိုက်ရိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ဒီနေ့ညနေမှာပဲ ရောက်လာပါတယ်။ အမေရိကန်ပိုင် လေယာဉ်နဲ့ပဲ နေပြည်တော် လေဆိပ်ကို တိုက်ရိုက် ရောက်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆီကို နှစ်ပေါင်း ၅၀ ကျော်အကြာမှာ ပထမဆုံး ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေဝန်ကြီးကို မြန်မာဖက်က ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမျိုးမြင့်က လာကြိုပါတယ်။ နိင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကိုယ်တိုင် လာမကြိုတဲ့ အပေါ်မှာတော့ ဘာကြောင့် မကြိုတာလဲဆိုပြီး သတင်းထောက်တွေကြားမှာ သုံးသပ် ပြောနေကြပါတယ်။ ဘယ်သူကမှတော့ ဘာကြောင့်လဲဆိုတာ သိနိုင်မယ် မထင်ပါဘူး။

တိုက်ဆိုင်ချင်တော့ မြန်မာနိုင်ငံကို Belarus ဝန်ကြီးချုပ်ကလဲ မနက်ဖြန် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရောက်ဖို့ ရှိနေတော့ နေပြည်တော်လေဆိပ်နဲ့ လမ်းတွေပေါ်မှာတော့ Belarus ဝန်ကြီးချုပ်ကို ကြိုဆိုပါတယ်ဆိုပြီး ဆိုင်းပုဒ်ကြီးတွေပေါ်မှာ ရေးထားတာကိုတော့ တွေ့ခဲ့ရပါတယ်။

ဒီတော့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကိုယ်တိုင် အခုလိုမျိုး ထူးထူးခြားခြား လာရောက်တဲ့ ဒီခရီးစဉ်မျိုးမှာ လုံခြုံရေး အခြေအနေနဲ့ ပတ်သက်လို့ရော ဘယ်လိုတွေ မြင်တွေ့ရသလဲရှင့်?

လုံခြုံရေးဆိုရင်တော့ ဒီနေ့လေဆိပ်မှာ ၂ မျိုးကြုံခဲ့ရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လာတဲ့အတွက် အမေရိကန် သံရုံးကယူတဲ့ လုံခြုံရေးနဲ့ မြန်မာ အာဏာပိုင်တွေယူတဲ့ လုံခြုံရေး ၂ မျိုးပါ။ မြန်မာအာဏာပိုင်တွေယူတဲ့ လုံခြုံရေးကတော့ တော်တော်လေး တင်းကြပ်ပါတယ်။ ဥပမာ သတင်းထောက်တွေကို သတ်မှတ်ပေးထားတဲ့ နေရာမှာပဲ သတင်းယူဖို့ ပြောတာတောင်၊ သူတို့ ပြောတာက မလိုလားအပ်တဲ့ အပြုအမူ၊ စည်းကမ်းဖေါက်ဖျက်တဲ့ အပြုအမူဖြစ်ရင် အဲဒီသတင်းဌာနဟာ Black list ၊ နာမည်ပျက် စာရင်းအသွင်းခံရမယ်၊ နောက်ထပ် လာခွင့်ပြုမှာ မဟုတ်တော့ဘူး ဆိုတဲ့အထိကို လုံခြုံရေးအရာရှိက တင်းတင်းကြပ်ကြပ်ကို ပြောတာပါ။ ဒါကတော့ အစိုးရဖက်က ယူတဲ့လုံခြုံရေးပါ။

အမေရိကန် သံရုံးဖက်ကတော့ ပုံမှန်ထက်ထူးပြီး လုံခြုံရေး ယူတယ်လို့တော့ မမြင်ပါဘူး။ တင်းထောက်တွေရဲ့ စက်ပစ္စည်းတွေမှာ ပေါက်ကွဲစေတဲ့ ပစ္စည်းပါ မပါ အနံ့ခံခွေးနဲ့ လိုက်ရှာတာလောက်ကိုပဲ ကြုံခဲ့ရပါတယ်။ လေဆိပ်ပါတ်လည်မှာ မြင်ရသလောက်တော့ လုံခြုံရေးယူတာကတော့ SB သတင်းတပ်ဖွဲ့ကပါ။ အခုကျွန်မတို့ တည်းနေတဲ့ ဟိုတယ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တည်းနေတဲ့ ဟိုတယ်နဲ့ ကပ်ရက်မှာ ရှိတာဆိုတော့ သူတည်းတဲ့ သင်္ဂဟဟိုတယ်မှာရော ဒီဖက်ဟိုတယ်မှာပါ ရဲအစောင့်တွေ တော်တော်များများကို တွေ့နေရပါတယ်။ ဆိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအတွက် လုံခြုံရေးကို အိမ်ရှင်အစိုးရက တင်းတင်း ကြပ်ကြပ် ယူထားတယ်လို့ ပြောလို့ရပါတယ်။

နေပြည်တော်မှာ သတင်းယူရတဲ့ အခြေအနေရော ဘယ်လိုရှိလဲ?

ဘယ်လိုလဲဆိုတော့ တင်းကြပ်တဲ့ လုံခြုံရေးအောက်မှာ သတင်းယူရတယ်လို့ပဲ ပြောရမယ်ထင်တယ် မနန္ဒာရေ။ ဥပမာ နက်ဖြန်မှာ သမ္မတဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့ သမ္မတအိမ်တော်မှာ တွေ့မယ်။ အဲဒါကို သတင်းယူချင်တဲ့ သတင်းထောက်ေတွေ အနေနဲ့ ပြန်ကြားရေးက စီစဉ်ပေးထားတဲ့ ကားတွေနဲ့ပဲ ပြန်ကြားရေးရုံကနေ စုပြီး သွားရမှာမျိုးပါ။

တခုရှိတာက အခု Mrs. Clinton လာတဲ့အတွက် ကျွန်မတို့ ဗွီအိုအေ အပါအဝင် နိုင်ငံတကာက သတင်းဌာန တော်တော်များများက သတင်းထောက်တွေကလဲ သတင်းယူဖို့ မြန်မာနိုင်ငံမှာ ရောက်နေကြတော့ ဒီသတင်းထောက်တွေ အားလုံးအတွက် သိချင်ကြတာကို သက်ဆိုင်ရာက ဖြေကြားပေးနိုင်ဖို့ အစီအစဉ် မကျတာ တချို့တော့ရှိပါတယ်။ ဒါပေမဲ့လဲ ပြည်တွင်းက အထာသိနေတဲ့ သတင်းထောက်တွေကလဲ တော်တော်လေး အကူအညီပေးကြပါတယ်။

နောက်တခုက အင်တာနက်သုံးရတဲ့ အခက်အခဲပါ။ နေပြည်တော်မှာပါနော်၊ ဒါကတော့။ အခုကျွန်မတည်းတဲ့ ဟိုတယ်ကြီးမှာဆိုရင် ဘယ်လိုကြောင့်လဲတော့ မသိဘူး အင်တာနက်ကို Proxy ခံပြီး သုံးရပါတယ်။ အခု Gmail လဲဖွင့်လို့ မရ၊ အလုပ် Email လဲ ဖွင့်လို့ မရတော့ မနန္ဒာတို့ဆီတောင် ပို့ချင်တဲ့ အသံဖိုင်တချို့ မပို့နိုင် ဖြစ်နေပါတယ်။

ဒီတော့ သူ့ရဲ့ ၃ ရက်ကြာမယ့် ခရီးစဉ် အတွင်းမှာပေါ့လေ သူ ဘယ်သူတွေနဲ့ တွေ့မလဲ၊ ဘာတွေ စီစဉ်ထားတာ ရှိလဲရှင့်?

ဒီနေ့ညမှာတော့ သူ့အနေနဲ့ ဘယ်သူနဲ့မှ တွေ့ဖို့ အစီအစဉ် မရှိတော့ဘူး။ နက်ဖြန်မှာတော့ အရင်ဆုံးက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နိုင်ငံခြားရေးရုံးမှာ တွေ့မယ်။ ပြီးသွားရင် သမ္မတဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ သမ္မတ အိမ်တော်မှာ တွေ့ကြပါမယ်ပေါ့လေ။ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့ သူတို့ ၂ ယောက် တံခါးပိတ် ဆွေးနွေးကြမယ်လို့ သိရတယ်။

နောက်ပြီးသွားရင်တော့ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ တွေ့မယ်။ နောက်တခါ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့အပြင် ပေါ့လေ လွှတ်တော် ကိုယ်စားလှယ် တချို့နဲ့လဲ မနက်ဖြန်မှာ တွေ့ဖို့ရှိပါတယ်။ နေ့လည်ပိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကနေပြီးတော့ ရန်ကုန်ကို မသွားခင်မှာတော့ သတင်းစာရှင်းလင်းပွဲ ခနလေး လုပ်ဖို့ရှိတယ်လို့ သိထားပါတယ်။

ရန်ကုန်မှာတော့ သောကြာနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ရောက်မှပဲ ဒေါ်အောင်ဆန်းစုကြည်ကို အရင်ဆုံး တွေ့မှာပါ။ နောက် တိုင်းရင်းသား ခေါင်းဆောင်တချို့နဲ့ တွေ့ဖို့ရှိတယ်။ နောက် အရပ်ဖက် အခြေပြု အဖွဲ့တချို့နဲ့လဲ တွေ့ဖို့ရှိပါတယ်။ ပြီးရင်တော့ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေမှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံကနေ ပြန်သွားမှာပါ။ ရန်ကုန်မြို့က အထင်ကရ ရွှေတိဂုံစေတီတော်ကိုလဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဖူးဖို့ရှိတယ်လို့ အစီအစဉ် သိရပါတယ်။

XS
SM
MD
LG