အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ သမိုင်းဝင်ခရီးစဉ်တခု ဖြစ်ပြီး နှစ်နိုင်ငံအကြားဆက်ဆံရေးမှာ စာမျက်နှာသစ်တခု ဖွင့်လိုက်နိုင်တာဖြစ်တယ်လို့ မြန်မာသမ္မတဦးသိန်းစိန်က ပြောလိုက် ပါတယ်။
မစ္စစ်ကလင်တန်ဟာ သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် တခြားတာဝန်ရှိသူတွေနဲ့ ကြာသပတေးနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ သူဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံဆီ ပထမဆုံးလာရောက်တဲ့ ပထမဆုံး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်။
မြန်မာအစိုးရက သူ့ရဲ့လူထုကို ကူညီဖို့ လုပ်ဆောင်ခဲ့တာတွေအပေါ် သမ္မတ ဘရာ့ခ် အိုဘားမား (Barack Obama) အနေနဲ့ ရော သူ့အနေနဲ့ပါ အားတက်မိတဲ့အတွက် အခုလို မြန်မာနိုင်ငံကိုလာရောက်တာဖြစ်ပါတယ်လို့ မစ္စစ်ကလင်တန်က သမ္မတ ဦးသိန်းစိန်ကိုပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာတွေမှာ တိုးတက်မှု ရအောင် အမေရိကန်ပြည်ထောင်စုက ဘယ်လို အထောက်အပံ့ပြုနိုင်မယ်ဆိုတာ မစ္စစ်ကလင်တန်က စူးစမ်းလေ့လာမှာ ဖြစ်ပါတယ်လို့ မစ္စတာအိုဘားမားက ပြောထားပါတယ်။
မစ္စစ်ကလင်တန်ဟာ ကြာသပတေးနေ့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။