သုံးရလွယ်ကူစေသည့် Link များ

ဒီနေ့စနေနေ့ကတော့ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ကို အမေရိကန်က နျူကလီယား ဗုံးကြဲခဲ့တဲ့ ၇၁ နှစ်ပြည့်နေ့ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှု ကြောင့်လည်း ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်သွားစေခဲ့ပါတယ်။ ဗုံးကျခဲ့တဲ့နေရာနားက ဟီရိုရှီးမား ငြိမ်းချမ်းရေးပန်းခြံမှာကျင်းပတဲ့ ဒီအခမ်းအနားကို လူပေါင်း ၅ သောင်းဝန်းကျင် တက်ရောက်ခဲ့ပါတယ်။

မြို့တော်ဝန် Kazumi Matsui က - အမေရိကန်သမ္မတ အိုဘားမားက မေလထဲမှာ ဒီနေရာကို လာရောက်လည်ပတ်ခဲ့သလို ကမ္ဘာ့ ခေါင်းဆောင်ကြီးတွေလည်း လာရောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အိုဘားမားလိုပါပဲ-ကိုယ်တိုင်ကိုယ်ကျ လာကြည့်ကြမယ်ဆိုရင် အဏုမြူဗုံးရဲ့ဒဏ်ရာဒဏ်ချက်တွေဟာ ဒီလိုပါလားဆိုတာ လူတိုင်းရဲ့ရင်ထဲ အသည်းထဲမှာ ပုံပေါ်စွဲထင်သွားမယ်ဆိုတာ သေချာပါတယ် - လို့ Matsui က ပြောခဲ့တာပါ။

ဟီရိုရှီးမားမြို့ကို ဗုံးကြဲတိုက်ခိုက်ခံရချိန် နေရာမှတင် ပွဲချင်းပြီးသေဆုံးသူရော၊ ဗုံးကြဲခံရပြီးနောက်ပိုင်း အဏုမြူရောင်ခြည်သင့်လို့ (ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်သင့်လို့) သေဆုံးသူရော စုစုပေါင်း ၁ သိန်း၊ ၄ သောင်း ဝန်းကျင်ရှိခဲ့ပါတယ်။နောက် သုံးရက်အကြာ နာဂါစကီ ဆိပ်ကမ်းမြို့ကို ဒုတိယမြောက် အဏုမြူဗုံးကြဲချခဲ့တာမှာတော့ လူပေါင်း ၇ သောင်းဝန်းကျင်သေဆုံးခဲ့တယ်လို့ ခန့်မှန်းပါတယ်။

နာဂါစကီကို ဗုံးကြဲပြီးလို့ (၆) ရက်မြောက်နေ့မှာ ဂျပန်က လက်နက်ချခဲ့လို့ ဒုတိယကမ္ဘာစစ်အဆုံးသတ်သွားခဲ့တာကြောင့် အမေရိကန်တွေ ကတော့ အခုလို အဏုမြူဗုံးနဲ့တိုက်ခိုက်တာဟာ ကမ္ဘာစစ်မြန်မြန်အဆုံးသတ်စေရေးအတွက် လိုအပ်ချက်ဖြစ်တယ်လို့ ငြင်းချက်ထုတ်ပါ တယ်။

မေလတုန်းက သမ္မတအိုဘားမား ဂျပန်နိုင်ငံကို သွားရောက်ခဲ့ချိန်တုန်းက အဏုမြူဗုံးဒဏ်သင့်ခဲ့တဲ့ဒေသတွေကို သွားရောက်ခဲ့ချိန်မှာ - သမိုင်းကို အရှိကိုအရှိအတိုင်း ကြည့်ဖို့ ကျနော်တို့နှစ်ဘက်စလုံးမှာ တာဝန်ကိုယ်စီရှိကြပါတယ် - လို့ ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG