သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟီရိုရှီးမား နှစ်ပတ်လည် နျူကလီးယား အင်အားကြီးတွေ ပထမဆုံး တက်


ကမ္ဘာမှာ ပထမဆုံးနဲ့ တကြိမ်တည်း ဖြစ်ပွားခဲ့တဲ့ ဂျပန်နိုင်ငံ ဟီရိုရှီးမား (Hiroshima) မြို့ အနုမြူဗုံးဒဏ် သင့်ခဲ့တာ (၆၅) နှစ် မြောက်တဲ့ ဒီနေ့မှာကျင်းပခဲ့တဲ့ အထိမ်းအမှတ် အခမ်းအနားကို အမေရိကန်အပါအ၀င် တခြား ကမ္ဘာ့ နျူးကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတွေ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့ကြပါတယ်။ ဒီနေ့ အခမ်းအနားကို တက်ရောက်တဲ့ ပထမဆုံးသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်တဲ့ မစ္စတာ ဘန်ကီမွန်းက ကမ္ဘာမှာ နျုးကလီးယားလက်နက် ပပျောက်ရေးအတွက် မနေ့က Nagasaki မှာ တိုက်တွန်းခဲ့သလိုပဲ ထပ်မံ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး John Roos က အခမ်းအနားတွင်း မိန့်ခွန်းတော့ မပြောခဲ့ပါဘူး။ ဂျပန်ဝန်ကြီးချုပ် Naoto Khan က ဟီရိုရှီးမား အနုမြူဗုံး ဒဏ်ကနေ အသက်ရှင် ကျန်ရစ်သူတွေဟာ နျုးကလီးယား လက်နက် ပပျောက်ရေးနဲ့ ဒီလို အဖြစ်ဆိုးကြီး နောက်ထပ်တခါ မဖြစ်ရအောင် ကမ္ဘာ့လူသားတွေ အားလုံးကို သတိပေးတဲ့ အထူး သံတမန်တွေ ဖြစ်သင့်တယ်လို့ ပြောခဲ့ပါတယ်။

ပထမ အနုမြူဗုံးကြဲခံရတဲ့ ဟီရိုရှီးမား မြို့မှာ လူ ၁၄၀,၀၀၀ နီးပါး သေဆုံးခဲ့ပြီး နောက် ၃ ရက်အကြာ ဒုတိယ အနုမြူဗုံးကြဲခံခဲ့ရတဲ့ Nagasaki မှာတော့ နောက်ထပ်လူ ၇၀,၀၀၀ လောက် သေဆုံးခဲ့တာဖြစ်ပါတယ်။ အဲသလို တိုက်ခိုက်ခံခဲ့ရပြီး ရက်ပိုင်းအကြာ ဩဂုတ်လ ၁၅ ရက်နေ့မှာ ဂျပန်က အရှူံးပေးခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG