သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HIV/AIDS ဝေဒနာရှင်တွေ လူ့အခွင့်အရေး ရှေ့ဆောင် လှုပ်ရှားကြဖို့ ဒေါ်စု တိုက်တွန်း


NLD ရုံးချုပ်တွင် ကျင်းပသည့် ကမ္ဘာ့ HIV/AIDS အထိမ်းအမှတ်နေ့ အခမ်းအနားတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။ ဒီဇင်ဘာ ၂၊ ၂၀၁၀။
NLD ရုံးချုပ်တွင် ကျင်းပသည့် ကမ္ဘာ့ HIV/AIDS အထိမ်းအမှတ်နေ့ အခမ်းအနားတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။ ဒီဇင်ဘာ ၂၊ ၂၀၁၀။

ကျန်းမာနေတဲ့သူတွေက လူ့အခွင့်အရေးအတွက် မလှုပ်ရှားရဲ ဖြစ်နေတဲ့အချိန်မှာ HIV/AIDS ဝေဒနာရှင်တွေက ရှေ့ဆောင်လမ်းပြ အဖြစ်နဲ့ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေကြတာဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ရှေ့ဆောင်လမ်းပြအဖြစ် အလင်းရောင် ပေးလိုက်တာမျိုးပဲ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ ကမ္ဘာ့ HIV/AIDS နေ့မှာ ဝေဒနာရှင်တွေကို အားပေးစကား ပြောကြားရင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားသွားတာပါ။ အပြည့်အစုံကို ဘန်ကောက်မြို့မှာ ရောက်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေးအပေါ် အလင်းရောင်ပေးခြင်း - Lights on Rights ဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့က ကျရောက်တဲ့ ကမ္ဘာ့ HIV/AIDS နေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့ကြတာပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဒီ HIV/AIDS ဝေဒနာသည်တွေဟာ သာမန် ကျန်းမာနေတဲ့ လူတွေက လူ့အခွင့်အရေးအတွက် မလှုပ်ရှားရဲတာတောင် ဝေဒနာရှင်တွေက ရှေ့ဆောင်လမ်းပြ အဖြစ်နဲ့ လုပ်သွားစေချင်တဲ့အကြောင်း အခုလို တိုက်တွန်း အားပေးစကား ပြောကြားပါတယ်။

“သာမန် ကျန်းမာနေတဲ့ လူတွေက လူ့အခွင့်အရေးအတွက် မလှုပ်ရှားရဲတာတောင်မှ ဝေဒနာရှင်တွေက လှုပ်ရှားရဲတယ် ဆိုပြီးတော့ ရှေ့ဆောင်လမ်းပြ အနေနဲ့ လုပ်သွားစေချင်တယ်။ လူတိုင်း လူတိုင်းဟာ ကိုယ့်မှာ လုပ်အားရှိတယ်။ လူတိုင်း လူတိုင်းဟာ ကိုယ့်မှာ လူ့သိက္ခာရှိတယ်။ ကိုယ်ကနေပြီး ဘယ်လို အခြေအနေပဲ ရောက်နေရောက်နေ၊ ဘယ်လို ပြဿနာတွေနဲ့ပဲ ရင်ဆိုင်နေရပါစေ၊ ဘယ်လို ဒုက္ခတွေနဲ့ပဲ တွေ့နေရပါစေ တခြားလူသားတွေအတွက် လုပ်ပေးနိုင်တဲ့အင်အား ရှိတယ်ဆိုတာ ကျမတို့ ဝေဒနာရှင်တွေက ပြပေးစေချင်တယ်။ အလင်းရောင်ပေါ့နော်။

“အခုဆိုရင် လူတွေက အခွင့်အရေးတွေပေါ်မှာ အလင်းရောင် ထွန်းပြီးတော့ အာရုံစိုက်အောင် လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ္ဘာ့ World AIDS Day ကို ကျင်းပနေတာပါ။ အဲဒီတော့ ဒီရည်ရွယ်ချက်တွေ အောင်မြင်အောင်လို့ ကျမတို့အားလုံး ဝိုင်းပြီးတော့ လုပ်ရမယ်။ အလုပ်နိုင်ဆုံးကတော့ ဝေဒနာရှင်တွေ ကိုယ်တိုင်ပဲ။

“အဲတော့ ကျမတို့ကို အလင်းရောင် ပြကြပါ၊ လူသာမန် ကျန်းမာနေတဲ့ လူတွေလို၊ ဒို့က ဝေဒနာတွေ ရှိနေပေမဲ့လည်း စိတ်ဓာတ် အင်အားတွေ မကျဘူး၊ စိတ်ဓာတ်အင်အား မကျသ၍ ကိုယ်ခံစွမ်းအား အင်အား ကျတယ်ဆိုတာ သိပ်ဆိုးရွားစရာ မဟုတ်ဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ အဲဒီလို ဦးဆောင်ပြီးတော့ လုပ်ပေးကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။”

HIV/AIDS ပြဿနာကို ရင်ဆိုင်ကျော်လွှားဖို့ လိုအပ်တဲ့ အချက်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဆက်ပြောပါတယ်။

“HIV/AIDS ပြဿနာကို ရင်ဆိုင်ဖို့အတွက်၊ ဒီပြဿနာကြီးကို ကျော်လွှားနိုင်ဖို့အတွက် လိုအပ်တာ ၂ ခု ရှိပါတယ်။ အများကြီး လိုအပ်တယ်ပေါ့နော်။ အဲဒီထဲမှာ အရေးကြီးဆုံး ၂ ခု ကျမ မြင်တာကတော့ နံပါတ်တစ် ပွင့်လင်းမှုပဲ။ ပွင့်လင်းမှုရှိမှ ကျမတို့က ဒီရောဂါအကြောင်း လူနာတွေ သိနိုင်မယ်၊ ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတာ သိနိုင်မယ်။ ရောဂါဖြစ်လို့ရှိရင် စိတ်ပျက်စရာ မလိုဘူး။ ဘယ်လို ကိုယ့်ကိုယ်ကို စောင့်ရှောက်သွားနိုင်မလဲ၊ ကိုယ်က မဖြစ်နေလို့ရှိရင်လည်း တခြား ဖြစ်နေတဲ့ ဝေဒနာရှင်တွေကို ဘယ်လို စောင့်ရှောက်သွားနိုင်မလဲ ဆိုတာ သိဖို့ပေါ့၊ ပွင့်လင်းမှုက အဓိကတခု ဖြစ်တယ်လို့ ကျမ ပြောချင်ပါတယ်။ ရောဂါမဖြစ်ခင်၊ ရောဂါ ကာကွယ်ဖို့အတွက်။

“ရောဂါဖြစ်ပြီးတော့ စောင့်ရှောက်ဖု့ိ အတွက်ကတော့ အရေးအကြီးဆုံးက ကရုဏာတွေပဲ။ ကျမတို့ အားလုံးဟာ တယောက်ပေါ်တယောက် ကရုဏာထားရမယ့် သူတွေပါ။ ဘယ်သူမှလည်း ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ပါဘူး။ တချို့တွေက HIV/AIDS ဝေဒနာရှင်တွေကို အပြစ်ရှိတဲ့သူတွေလို သဘောထားတယ်။ တချို့ကတော့ ကျမတို့ နိုင်ငံရေး လုပ်တဲ့သူတွေကို အပြစ်ရှိတဲ့သူတွေလို သဘောထားတယ်။ ဒါဟာ နှစ်ခုစလုံး မမှန်ပါဘူး။ အပြစ်ရှိတဲ့သူတွေလို့ သဘောထားမယ့်အစား ဝန်းရံ ပံ့ပိုးပေးရမယ့် သူတွေလို့ သဘောထားလို့ရှိရင် ကျမတို့ အားလုံးအတွက် ပိုပြီးတော့ ကောင်းမယ်လို့ ကျမ ထင်ပါတယ်။”

ဒါ့အပြင် ဝေဒနာသည်တွေ အနေနဲ့ နှောင်နှစ်တွေမှာ ကိုယ့်အတွက်တင် မဟုတ်ဘဲ ကိုယ့်လို ဝေဒနာ ခံစားနေရသူတွေကို ကူညီပေးမယ့်သူတွေ ပေါ်ထွန်းလာစေဖို့ကိုလည်း ဒေါ်ဆောင်ဆန်းစုကြည်က ဆုတောင်းပေးခဲ့ပါတယ်။

“အခု ဒီမှာ ရောက်နေတဲ့ ကျမတို့ရဲ့ အဓိက ပရိသတ်ဖြစ်တဲ့ HIV ဝေဒနာရှင်တွေကို ဒီကိုလာတဲ့အတွက် ကျေးဇူးတင်သလို နောက်နှစ်တွေ နှစ်တွေမှာ ကိုယ့်အတွက်တင် မဟုတ်ဘဲနဲ့၊ ကိုယ့်လို ဝေဒနာမျိုး မခံစားနေရပေမဲ့ တခြားဝေဒနာ အမျိုးမျိုးပေါ့၊ ဝေဒနာဆိုတာ အမျိုးမျိုး ရှိတယ်၊ စိတ်ဆင်းရဲခြင်း ဝေဒနာ၊ ကိုယ်ဆင်းရဲခြင်း ဝေဒနာ၊ မေတ္တာခေါင်းပါးခြင်း ဝေဒနာပေါ့၊ အဲဒီလို ဝေဒနာတွေ အမျိုးမျိုး ရှိကြတယ်။ အဲတော့ အဲဒီဝေဒနာတွေကို ဝိုင်းပြီးတော့ ကူညီပေးမယ့် သူတွေရယ်လို့ ပေါ်ထွန်းလာနိုင်ပါစေလို့ ကျမ ဆုတောင်းရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။”

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာကြတဲ့ ဝေဒနာသည်တွေနဲ့ ဧည့်ပရိသတ်တွေကို စကားပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနား အစီအစဉ် ပြုလုပ်ရခြင်း ရည်ရွယ်ချက် အပါအဝင် လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တောင်ဒဂုံမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ HIV/AIDS ဝေဒနာသည်များ ဂေဟာအတွက် အဓိက စောင့်ရှောက်ပေးနေတဲ့ လူငယ်အဖွဲ့ဝင် မဖြူဖြူသင်းက ရှင်းလင်းပြပါတယ်။

“အဓိကတော့ ကျမတို့ အနေနဲ့ ဒီမှာ လက်ရှိဖြစ်နေတဲ့ အခက်အခဲတွေပေါ့၊ အခု ကျမတို့ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲဆိုရင် ကျမတို့တိုင်းပြည်မှာ ရှိနေတဲ့၊ ပြည်တွင်းမှာ ရှိနေတဲ့ အကုန်လုံးပဲ ပြည်သူလူထုတွေရော၊ အနုပညာ အသိုင်းအဝိုင်းတွေရော၊ ကျန်တဲ့ နိုင်ငံရေး အသိုင်းအဝိုင်းဆိုလည်း တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်တွေရော အားလုံး ဝိုင်းဝန်း ပံ့ပိုးကြသလို ပြည်ပမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေ တော်တော်များများလည်း ကျမတို့ လူနာတွေနဲ့ ဒုက္ခတွေ့နေတဲ့ဟာကို ဝိုင်းဝန်းကူညီ ဖြေရှင်းပေးကြတာ ရှိတဲ့အတွက် ကျမအနေနဲ့ ဒီနေ့မှာ အားလုံးကို ကျေးဇူးတင်တယ် ဆိုတဲ့အကြောင်း ပြောဖြစ်တယ်။

“ဆက်လက်ပြီးတော့လည်း HIV ကာကွယ် တားဆီးရေးတွေမှာ ဝေဒနာသည်တွေရော၊ ကျမတို့ လုပ်ကိုင် ဆောင်ရွက်နေတဲ့သူတွေရော အားလုံး ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် တော်တော်လေးကို ဒီရောဂါက ထိန်းချုပ်သွားနိုင်မှာပါ။ အဲဒီလို ထိန်းချုပ်သွားနိုင်ဖို့ အတွက်လည်း ကျမတို့အားလုံး ဝိုင်းဝန်း ကြိုးစားကြဖို့ ပြောတာပါ။”

မဖြူဖြူသင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ အခမ်းအနားကို အနယ်နယ် အရပ်ရပ်က တက်ရောက်လာကြတဲ့ HIV/AIDS ဝေဒနာရှင် ၃၀၀ ကျော်နဲ့အတူ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ဂျာမဏီ အပါအဝင် တခြား သံတမန်တွေ စုစုပေါင်း ၄၀၀ ကျော်လောက် စုံစုံညီညီ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး မကြာခင် နိုဝင်ဘာလ ၁၇ ရက်နေ့က တောင်ဒဂုံမြို့နယ်မှာ NLD က ဖွင့်ထားတဲ့ HIV/AIDS ဝေဒနာရှင်တွေအတွက် စောင့်ရှောက်ရေး ဂေဟာမှာ ရှိနေတဲ့ ဝေဒနာသည်တွေကို သွားရောက် အားပေးစကား ပြောကြားခဲ့ပြီး အဲဒီ ဝေဒနာသည်တွေကို တတ်နိုင်သလောက် ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အခမ်းအနား အပြီးမှာတော့ တက်ရောက်လာတဲ့ ဧည့်ပရိသတ်တွေကို အနုပညာရှင်တွေက တေးသီချင်းနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

XS
SM
MD
LG