သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HIV ကုထုံးသစ် သုတေသီတွေ ရှာဖွေတွေ့ရှိ


Stem cell လို့ခေါ်တဲ့ ပင်မကလာပ်စည်းကို အစားထိုး ကုသပြီး ARV ဆေး စားတာကိုလည်း ရပ်လိုက်ပြီးတဲ့နောက် AIDS ရောဂါ ဖြစ်စေနိုင်တဲ့ HIV ရောဂါပိုး ရှိတဲ့လက္ခဏာ လုံးဝမတွေ့ရတော့တဲ့ HIV ရောဂါပိုး ကူးစက်ခံခဲ့ရသူတဦးနဲ့ပတ်သက်ပြီး ဒီကနေ့ ကျင်းပမယ့် ညီလာခံတခုမှာ သုတေသီတွေ တင်ပြဖို့ရှိနေပါတယ်။ အခု ကုသမှုဖြစ်ရပ်ဟာ ဒုတိယမြောက် သိလာရတဲ့ ဖြစ်ရပ်ပါ။

HIV ရောဂါပိုး ကူးစက်ခံထားရသူတွေကို ပုံမှန် တိုက်လေ့ရှိတဲ့ ARV ဆေးဟာ ရောဂါပိုး ပိုဆိုးမလာအောင်ဘဲ ထိန်းထားနိုင်ပြီး ပျောက်သွားအောင် ကုသပေးနိုင် တာတော့မဟုတ်ပါဘူး။ အခုလူနာဟာ ၁၈ လကြာ ARV ဆေးကို ရပ်လိုက်ပြီးတဲ့နောက်မှာ ရောဂါပိုးရှိတဲ့လက္ခဏာ လုံးဝမတွေ့ရတော့ဘဲ ကင်းရှင်း သွားပြီဆိုပြီး တနင်္လာနေ့ကထုတ်တဲ့ Nature ဆေးပညာဂျာနယ်ထဲမှာ လန်ဒန် တက္ကသိုလ်ကောလိပ် က ဦးဆောင် ဆောင်းပါးရှင် Ravindra Gupta က ရေးထားတာပါ။

အဲဒီအမျိုးသားမှာ HIV ရောဂါပိုးရှိနေတာကို ၂၀၀၃ ခုနှစ်မှာ စစ်ဆေးတွေ့ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ARV ဆေးကို စသောက်တာပါ။ သူ့မှာ Hodgkin’s lymphoma လို့ခေါ်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ အကျိတ်တွေ ပေါ်လာပြီးတဲ့နောက် ၂၀၁၆ ခုနှစ်မှာ ပင်မ ကလာပ်စည်း အစားထိုး ကုသမှု စလုပ်ပြီးတဲ့နောက် ARV ဆေး သောက်တာကိုလည်း ရပ်လိုက်ပါတယ်။ သူ့ခန္ဓာကိုယ်မှာရှိတဲ့ HIV ပိုးကို သုတေသီတွေက စောင့်ကြည့်နေခဲ့ပြီးတဲ့နောက် ရောဂါပိုး မရှိတော့ဘူးဆိုတာကို အဲဒီအချိန်ကတည်းက တွေ့ခဲ့တာပါ။

ပင်မကလာပ်စည်း အစားထိုးကုသမှုရဲ့ အဓိကသော့ချက်ကတော့ HIV ရောဂါပိုးကို သဘာဝအားဖြင့် ခုခံနိုင်တဲ့ ရှားပါးတဲ့ မျိုးရိုးဗီဇပြောင်းလဲမှု နှစ်ထပ်မူပွားရှိသူ အလှူရှင်တဦးစီက ကလာပ်စည်းတွေကို ယူပြီးတော့ အစားထိုးကုသတာပါ။

ဒီ အစားထိုး ကုသနည်းဟာ HIV ရောဂါပိုးကို ကျယ်ကျယ်ပြန့်ပြန် ကုသနိုင်မယ့် တကယ်လက်တွေ့ကျတဲ့ နည်းလမ်းတော့ မဟုတ်ဘူးလို့ ဆောင်းပါးရှင် သုတေသီတွေက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG