သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ HIV ကူးစက်မှု စိုးရိမ်ရဆဲ


HIV ပိုး ကူးစက်ခံရပြီး ခုခံအား ကျဆင်းနေတဲ့ ဝေဒနာရှင် တစ်ဦး ဆေးကုသမှုခံယူနေစဉ်။
HIV ပိုး ကူးစက်ခံရပြီး ခုခံအား ကျဆင်းနေတဲ့ ဝေဒနာရှင် တစ်ဦး ဆေးကုသမှုခံယူနေစဉ်။

ကုလသမဂ္ဂ အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ရေးအဖွဲ့ UN AIDS အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း အစိုးရရဲ့ ဦးဆောင်မှုကြောင့် HIV နဲ့ဆိုင်တဲ့ ပြုစုကုသမှုတွေ ရှစ်ဆအထိ တိုးတက် လာခဲ့ပေမယ့်၊ ရောဂါကာကွယ်ရေးအပိုင်းမှာတော့ ရည်မှန်းထားတဲ့ အတိုင်းအတာ မရောက်သေးဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ HIV/AIDS ရောဂါ ကုသရေးနဲ့ ကာကွယ်ရေးနှစ်ပိုင်းလုံး အောင်မြင်ဖို့ အလားအလာ ဘယ်လို ရှိသလဲ၊ ဘာတွေ လုပ်ဖို့လိုမလဲ ဆိုတာကို မြန်မာနိုင်ငံထဲမှာ သုတေသနလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ အမေရိကန် သုတေသီ တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။

ဒီဇင်လဘာလ ၁ရက်နေ့က ထုတ်ပြန်လိုက်တဲ့ UN AIDS အစီရင်ခံစာ အရ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း အစိုးရရဲ့ ဦးဆောင်မှုကြောင့် HIV နဲ့ဆိုင်တဲ့ ပြုစု ကုသမှုတွေ ရှစ်ဆအထိ တိုးလာပြီး၊ အခုနှစ်စက်တင်ဘာလမှာ ARV ဆေးပေးပြီး ကုသပေးနိုင်တဲ့ HIV ဝေဒနာရှင် အရေအတွက် ၁၀၁၀၀၀ အထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။ ရောဂါကာကွယ်ရေးအပိုင်းမှာတော့ ရည်မှန်းထားတဲ့ အတိုင်းအတာ မရောက်သေးဘူးလို့ သိရပါတယ်။

လူတစ်ဦးချင် ဝင်အငွေအရ ကမ္ဘာပေါ်မှာ ကျန်းမာရေးကဏ္ဍအတွက် ဘဏ္ဍာငွေ အသုံးပြုမှု အနည်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ အခုလို အစိုးရဘက်က ထောက်ပံ့မှု တိုးလာတာ အားရစရာ ကောင်းပေမယ့် ဒီပုံအတိုင်း စဉ်ဆက်မပြတ် ထောက်ပံ့ပေးသွားဖို့ လိုတယ် လို့ မြန်မာနိုင်ငံမှာ HIV/ AIDS သုတေသန လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အမေရိကန် နိုင်ငံ John Hopkin တက္ကသလိုလ် ပြည်သူ့ကျန်းမာရေး ဌာနက ညွှန်ကြားရေးမှုး Chris Beyes က ပြောပါတယ်။

”မြန်မာနိုင်ငံမှာ HIV ရောဂါပိုးရှိနေတဲ့ သူအားလုံးရဲ့ ၅၀ရာခိုင်နှုန်းလောက် အထိဟာ ဆေးကုသမှု မရရှိကြဘူးလို့ သိထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ HIV/AIDS နေ့မှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကနေ ထုတ်ပြန်လိုက်တဲ့ လမ်းညွှန်ချက်အသစ်အရ HIV ပိုးရှိတဲ့ သူတိုင်းကို CD4 count ဘယ်လောက်ပဲရှိရှိ ပြုစုကုသစောင့်ရှောက်မှု ပေးရမယ်လို့ လမ်းညွှန်ထားပါတယ်။ အဲဒီ လမ်းညွှန်ချက်အတိုင်း လိုက်နာနိုင်ဖို့ဆိုရင် မြန်မာနိုင်ငံ အနေနဲ့ ပြုစုကုသမှုကို အခုထက် နှစ်ဆတိုးပြီး လုပ်ရမှာပါ။ ပြုစုကုသပေးတဲ့ အပိုင်းအပြင်၊ ရောဂါပိုးမပြန့်အောင် ကာကွယ်တဲ့အပိုင်းဆိုရင် အခုထက်ထိ အသစ်အဆန်းလိုပဲ ရှိနေပါသေးတယ်။

ကျွန်တော်တို့အနေနဲ့ ကချင်ပြည်နယ်လို ဒေသတွေမှာ မူးယစ်ဆေးထိုး သွင်းတဲ့ ဆေးထိုးအပ်ကနေ တဆင့် ရောဂါပိုး ကူးစက်မှုက စိုးရိမ်စရာ အခြေအနေရှိနေပါသေးတယ်။ ဒါ့အပြင် အခြားအရှေ့တောင် အာရှ နိုင်ငံတွေမှာ လိုပဲ လိင်တူချင်း ဆက်ဆံတဲ့ လူငယ်အမျိုးသားတွေနဲ့ လိင်ပြောင်းလဲနေထိုင်တဲ့ အမျိုးသားတွေလိုမျိုး လူအုပ်စုတွေမှာ ရောဂါပိုး ကူးစက်ခံရမှု အထူးမြင့်မားနေ ဆဲ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ပြုစုကုသရေးအပိုင်းမှာ တိုးမြှင့်သလို၊ ရောဂါကာကွယ်ရေးအပိုင်းမှာလည်း ပို အာရုံစိုက်လုပ်ဖို့ လိုပါတယ်။”

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကနေ ထုတ်ပြန်လိုက်တဲ့ လမ်းညွှန်ချက်အသစ်အရ ကိုယ်ခံအားကျဆင်းမှု အခြေအနေကို မကြည့်တော့ပဲ HIV ပိုးရှိတဲ့ သူတိုင်းကို ပြုစုကုသမှု ပေးရမှာဖြစ်လို့ မြန်မာနိုင်ငံအခြေအနေနဲ့ လက်တွေ့လုပ်ဖို့ ဖြစ်နိုင်မလားဆိုတာနဲ့ ပက်သက်လို့လည်း သူက ခုလို ပြောပါတယ်။

”ဒါက ဖြစ်နိုင်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနကို ချထားပေးမယ့် ငွေအရင်း အမြစ်တွေ တင်မကပဲ၊ အလှူရှင်တွေဆီက ဝင်လာမယ့် အရင်းအမြစ်တွေလည်း တိုးလာပါတယ်။ အခုနောက်ပိုင်း Global Fund, 3MD Fund၊ US AID၊ DFAID၊ EU နဲ့ UK စတဲ့ အလှုရှင် အဖွဲ့အစည်းတွေက ရန်ပုံငွေ တိုးမြှင့်ပေးနေ ပါတယ်။

နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ရောဂါပျံ့နှံ့မှု ကိန်းဂဏန်းက အလွန်အကျွံ ဖြစ်တဲ့ အခြေအနေမဟုတ်သေးတာလဲ ပါပါတယ်။ အချို့အာဖရိကနိုင်ငံတွေမှာ အရွယ်ရောက်ပြီးသူ အားလုံးရဲ့ ငါးရာခိုင်နှုန်းကနေ ဆယ်ရာခိုင်နှုန်းလောက် ထိ ရောဂါပိုးရှိနေတဲ့ အခြေအနေနဲ့ယှဉ်ရင် မြန်မာနိုင်ငံရဲ့ ဝန်ထုပ်ဝန်ပိုးက မကြီးလှတဲ့အတွက် အောင်မြင်နိုင်ပါတယ်။ လာမယ့် တစ်နှစ်နှစ်နှစ်အတွင်း မဖြစ်နိုင်သေးပေမယ့်၊ ဆယ်စုနှစ်အတွင်းတော့ ရောဂါပိုးရှိသူ အားလုံးကို ပြုစုကုသပေးနိုင်မယ့် အခြေအနေ ရောက်လာနိုင်ပါတယ်။

အဲဒီအတွက် ရောဂါပိုးရှိမရှိ စစ်ဆေးတဲ့အပိုင်းကို ဒီထက်မက ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့လိုပါတယ်။ ဒါမှ ရောဂါပိုးရှိသူတာကို သိပြီး ကုသမှုခံနိုင်မှာပါ။ အဲဒီလို စစ်ဆေးခံနိုင်ဖို့ ဆိုရင် မြန်မာနိုင်ငံ အနေနဲ့ ရောဂါပိုးရှိနိုင်သူတွေကို ကြောက်ရွံ့မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာကို တိုက်ဖျက်သွားဖို့ လိုပါတယ်။ လက်ရှိမှာ လိင်တူ ဆက်ဆံသူတွေ၊ လိင်ပြောင်းထားသူတွေ၊ အမျိုးသမီး လိင်အလုပ်သမားတွေနဲ့ မူးယစ်ဆေးသုံးသူတွေလို ရောဂါပိုးကူးစက်နိုင်ခြေမြင့်တဲ့ သူတွေကို ခွဲခြားဆက်ဆံမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ကျေးလက်နဲ့ ဝေးလံတဲ့ နယ်စပ်ဒေသတွေ၊ အထူးသဖြင့် ရောဂါဖြစ်ပွားမှုများတဲ့ ကချင်နဲ့ ရှမ်းမြောက်လို့ ဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု တိုးပေးဖို့ဆိုတာ တကယ့်ကို စိန်ခေါ်မှုတစ်ခုအနေနဲ့ ရှိနေဆဲ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံအတွက် အသစ် ချမှတ်ထားတဲ့ HIV မဟာဗျူဟာ စီမံချက်မှာ အဓိက လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ရောဂါ ကာကွယ်ရေး ဝန်ဆောင်မှုတွေရဖို့၊ HIV ပိုးရှိတဲ့ သူအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ သူတို့မှာ ပိုးရှိမရှိ သိနေစေဖို့၊ HIV ပိုးရှိပြီး၊ ပိုးရှိမရှိ သိထားတဲ့ သူအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ ပြုစု ကုသမှု ခံယူနိုင်ဖို့၊ ရောဂါ ပြုစု ကုသမှု ခံယူသူ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ ရောဂါပိုး နှိမ်နှင်းတာ အောင်မြင်ဖို့နဲ့ ပိုးရှိသူတွေနဲ့ ဆက်စပ်နေသူတွေ အပေါ် ခွဲခြားဆက်ဆံမှု မရှိစေဖို့ စတဲ့ ရည်မှန်းချက်တွေ ပါဝင်နေပါတယ်။

XS
SM
MD
LG