HIV ရောဂါပိုး ရှိနေတဲ့ လူနာတွေကို သူတို့ရဲ့ ခန္ဓာကိုယ်တွင်း ရောဂါခုခံမှုစနစ်တွေ အတော်လေး သန်စွမ်း အားကောင်းနေချိန်မှာ စောစောစီးစီး ကုသမယ်ဆိုရင် သူတို့ရဲ့အဖော်ဆီ ရောဂါပိုး ပျံ့နှံ့ကူးစက်မယ့် အန္တရာယ်ကို သိသိသာသာ လျှော့ချနိုင်တယ်ဆိုတာ လေ့လာမှု အသစ်တခုကနေ ဖော်ထုတ်လိုက်ပါတယ်။
အမေရိကန် အမျိုးသား ကျန်းမာရေး ဌာနရဲ့ ရန်ပုံငွေ အထောက်အပံ့နဲ့ လုပ်ခဲ့တဲ့ စမ်းသပ် လေ့လာမှုမှာ ကမ္ဘာတဝန်း နေရာပေါင်း ၁၃ နေရာက စုံတွဲပေါင်း ၁,၇၀၀ ကျော် ပါဝင်ခဲ့ပါတယ်။ စုံတွဲအားလုံးနီးပါးဟာ လိင်မတူသူနဲ့ ကာမဆက်ဆံသူတွေ ဖြစ်ကြပါတယ်။
HIV ရောဂါပိုး ရှိသူတွေကို ARV ဆေး စောစောစီးစီး တိုက်မယ်ဆိုရင် ရောဂါပိုးမရှိတဲ့ သူတို့ရဲ့ အဖော်ဆီ ရောဂါကူးစက်မှုကို ၉၆% ထိ လျှော့ချနိုင်တယ်ဆိုတာ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
ကုသမှု ချက်ချင်းမရတဲ့ HIV ရောဂါပိုးရှိသူ ပါဝင်တဲ့ စုံတွဲပေါင်း ၈၇၇ ခုမှာ အဖော် ၂၇ ယောက်ဆီ ရောဂါပိုး ကူးစက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စောစောစီးစီး ကုသမှု ခံယူတဲ့ စုံတွဲတွေထဲမှာတော့ အဖော်တယောက်ကိုပဲ ရောဂါပိုး ကူးစက်ခဲ့ပါတယ်။
စမ်းသပ် လေ့လာမှုကို ၂၀၁၅ ခုနှစ်ကျမှ အဆုံးသတ်မှာ ဖြစ်ပေမဲ့ ရလဒ်တွေက အရမ်း ထူးခြားနေတာကြောင့် လေ့လာတွေ့ရှိချက်ကို စောစောစီးစီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။