သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AIDS တိုက်ဖျက်ရေး ဥပဒေသစ်ပြဌာန်းချက်များ လိုအပ်နေ


၂၀၁၄ ခုနှစ် ကမ္ဘာ့ ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့ World AIDS Day ဆောင်ပုဒ်ကို အောင်မြင်အောင်ဆောင်ရွက်ဖို့ဆိုရင် အချိန်ယူ ဆောင်ရွက်ဖို့နဲ့ ပြုပြင်ပြောင်းလဲတာတွေ လုပ်ဆောင်ဖို့လိုအပ်မယ်လို့ နယ်စည်းမထားဆရာဝန်များအသင်းက ထောက်ပြပါတယ်။ လောလောဆယ်မှာတော့ မြန်မာပြည်ရဲ့ဥပဒေတွေက ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးအတွက် အကန့်အသတ်တွေရှိနေတာကြောင့် ဥပဒေတချို့ ပြဌာန်းဖို့ကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပြင်ဆင်ဆောင်ရွက်နေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ယခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့ World AIDS Day ရဲ့ဆောင်ပုဒ်ကတော့ ရောဂါပိုးကူးစက်သူအသစ် မရှိရေး၊ ခွဲခြား ဆက်ဆံတာ မရှိရေးနဲ့ AIDS နဲ့ ဆက်စပ်တဲ့ရောဂါတွေကြောင့် သေဆုံးသူမရှိရေး ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ဟာ ၂၀၁၁ ကနေ ၂၀၁၅ အထိ ၅ နှစ်တာကာလအတွက်ချမှတ်ထားတဲ့ ဆောင်ပုဒ်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီဆောင်ပုဒ်ကို အကောင်အထည်ဖော်ဖို့ဆိုရင် အချိန်ယူဆောင်ရွက်ဖို့ လိုအပ်အုံးမယ်လို့ MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအသင်းရဲ့ လက်ထောက်ကျန်းမာရေးဒါရိုက်တာ ဒေါက်တာဖုန်းသစ်က အခုလို ပြောပါတယ်။

“နှိမ်ချခွဲခြားဆက်ဆံတာ မရှိအောင်ရယ်၊ နောက်တခါ ရောဂါအသစ်တွေ ထပ်ပြီးဖြစ်မလာအောင်ရယ်ဆိုလို့ရှိရင် ရောဂါကာကွယ် တားဆီးရေးအတွက်က ပညာပေးပေးတာတွေ၊ နောက်တခါ ဆောင်းပါးတွေ၊ စာတမ်းတွေဝေတာတွေ၊ ကြော်ငြာဘုတ်ထောင်တာတွေ၊ တီဗွီကနေမှ ရုပ်သံတွေလွှင့်တာတွေ၊ ဒါမျိုးတွေလုပ်ကြတယ်။ နောက်တခါ ဇီးရိုး AIDS….dead ပေါ့။ HIV ကြောင့်မသေရဘူးပေါ့- အဲဒီ ဇီးရိုးကကျတော့ ကုသမှုအပိုင်းတွေလုပ်ကြတာပေါ့နော်။ ကျနော်ထင်တယ်၊ အဲဒီ ဇီးရိုးကိုရောက်ဖို့အတွက်ဆိုလို့ရှိရင်တော့ ကျနော်တို့ အချိန်ယူပြီးတော့မှ စိန်ခေါ်မှုတွေအများကြီး ရင်ဆိုင်ရအုံးမယ်လို့ ယုံကြည်ပါတယ်။ လုံးဝ ရောဂါအသစ်ကူးတာ လုံးဝမရှိတော့ဘူး၊ HIV ကြောင့် လုံးဝမသေတော့ဘူး၊ ခွဲခြားဆက်ဆံခံရခြင်း လုံးဝမရှိတော့ဘူးဆိုတဲ့အခြေအနေ ရောက်ဖို့တော့ အချိန်တော့ အတိုင်းအတာတခုအထိ ယူရအုံးမယ်လို့ ကျနော်တို့ယူဆပါတယ်ခင်ဗျ။”

လောလောဆယ် မြန်မာနိုင်ငံမှာ HIV ကူးစက်ခံရသူတွေ အဓိက သောက်သုံးနေရတဲ့ ART ဆေး သောက်သုံးနေရသူ ၁ သိန်း၂ သောင်း ၅ ထောင်ရှိပြီး လူ ၇ သောင်းခွဲကသာ ဆေးဝါးသောက်သုံးနိုင်တဲ့အခြေအနေရှိပါတယ်။

ကျန် လူ ၅ သောင်းလောက်ကို ဆေးဝါးထောက်ပံပေးဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်မယ်လို့လည်း MSF အဖွဲ့က ထောက်ပြထားပါတယ်။

“ကွာဟချက် ၅ သောင်းကို ဘယ်လိုပုံစံနဲ့ ပြည့်မီအောင်လုပ်ကြမလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်- အဲဒါကတော့ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံ ဆိုင်ရာ သတင်းထုတ်ပြန်ချက်တခုကို ---- အဖွဲ့က ထုတ်ခဲ့ပါတယ်။ အဲဒီမှာ ဖော်ပြထားတဲ့အတိုင်းပါပဲ။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အရင်ကလည်း သူတို့ အများကြီးစွမ်းဆောင်တာတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လူသား အရင်းအမြစ် ဆိုင်ရာ မူဝါဒတွေ၊ နောက်တခါ ဓာတ်ခွဲခန်းဆိုင်ရာ မူဝါဒတွေ၊ လုပ်ကိုင်နိုင်စွမ်းတွေ၊ နောက်တခါ ဝန်ထမ်းတယောက်ချင်းစီရဲ့ အလုပ်တာဝန်သတ်မှတ်ချက်တွေ၊ သတ်သတ်မှတ်မှတ် ဖွဲ့စည်းပုံတွေကို အလျှင်အမြန် ပြုပြင်ပြောင်းလဲပြဌာန်းမှသာလျှင် လိုအပ်တဲ့ပမာဏကို အမြန်ဆုံးထိရောက်အောင် --သွားနိုင်မယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်ခင်ဗျ။”

WHO က HIV/ AIDS ရှိသူတွေကို ART ဆေးပေးရာမှာ ကိုယ်ခံအားသတ်မှတ်ချက်CD4 ပမာဏကို ၃၅၀ ကနေ လာမယ့် နှစ်တွေမှာ ၅၀၀ အထိ ပြောင်းလဲသတ်မှတ်တော့မှာဖြစ်တာကြောင့် ဆေးသောက်ရမယ့်သူ အရေအတွက်ကလည်း ပိုမိုများပြားလာဖို့ ရှိနေပါတယ်။

ဒီအတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးစီမံချက် NAP နဲ့ MSF တို့ ပူးပေါင်း ဆောင်ရွက်ရမယ့်လမ်းစဉ်ဟာ HIV/ AIDS တိုက်ဖျက်ရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲတာနဲ့ ဆန်းသစ်တီထွင်တာတွေ ဆောင်ရွက်ဖို့ လိုအပ်မယ်လို့လည်း ထောက်ပြပါတယ်။

အစိုးရက မြန်မာပြည်မှာ HIV/AIDS ကူးစက်ပြန့်ပွားတဲ့နှုန်းရောကျလာနေတယ်လို့ သတင်းထုတ်ပြန်တာတွေရှိပေမဲ့ HIV/AIDS တိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေသူတွေကတော့ လိင်မှုအကာအကွယ်ဖြစ်တဲ့ condom လို၊ ဆေးထိုးအပ်လို ပစ္စည်းတွေ လက်ဝယ်တွေ့ရင် ဥပဒေနဲ့ ငြိစွန်းတာတွေရှိနေတာကြောင့် တချို့လုပ်ငန်းတွေမှာ အဟန့်အတားတွေ ရှိနေတယ်လို့ ပြောပါတယ်။

ဒီအတွက် HIV/AIDS တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတွေက ဥပဒေသစ်တချို့ပြဌာန်းဖို့ ကြိုးစားနေတယ်လို့ Phoenix အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသီဟကြိုင်က ပြောပါတယ်။

“တချို့သောကိစ္စတွေက ညွှန်ကြားချက်နဲ့ပဲ ထုတ်ပြန်ထားပေမယ့် အောက်ခြေမှာ မဖြစ်နေတာတွေရှိတယ်။ ဥပမာ Condon ကိုင်ထားလို့ရှိရင် လူတွေသည် မဖမ်းရဘူးဆိုတဲ့အမိန့်ကို ထုတ်ပြန်ထားခဲ့တယ်။ ဒါပေမယ့် အောက်ခြေမှာတော့ မဖြစ်နေတာတွေ ရှိတယ်။ နောက်ပြီးတော့ ဆေးထိုးအပ် မျှဝေသုံးစွဲတာတွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေမှာဆိုရင်လည်း တိတိကျကျ ပံ့ပိုးပေးမယ့် ဥပဒေတွေမရှိတဲ့အခါကျတော့ အလုပ် လုပ်ရကိုင်ရတဲ့နေရာမှာ တအားခက်ခဲတယ်။ ကျောင်းပညာရေးကမှအစပေါ့နော်၊ နောက်အလုပ်အကိုင်ရရှိရေး နေရာတွေမှာ HIV ဖြစ်နေတဲ့ လူတွေကို အကာအကွယ်ပေးဖို့အပြင် လူတွေကိုလည်း HIV မပြန့်ပွားဖို့အတွက် လုပ်ဆောင်ရမယ့်လုပ်ငန်းတွေမှာ အခုလက်ရှိ ခက်နေတာတွေကို ဝိုင်းဝန်းပြီးတော့မှ ကျနော်တို့ ဆွေးနွေးမယ်၊ ဆွေးနွေးပြီး အဲဒီကအချက်တွေကို ယူမယ်၊ ပြီးလို့ရှိရင် လတ်တလောဖြစ်မှ ဖြေရှင်းတာမျိုးမဟုတ်ဘဲ နိုင်ငံတော်ရဲ့ National Budget မှာမှ HIV သီးသီးသန့်သန့် လုပ်ဖို့ရယ်၊ ပြီးတော့ HIV လုပ်နေတဲ့အဖွဲ့တွေကို နိုင်ငံတော်အနေနဲ့ ဘယ်လိုအစီအမံတွေနဲ့ပံ့ပိုးရမယ်ဆိုတာ ဥပဒေမှာပါဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။”

ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ UNAIDS ၊ WHO နဲ့ UNICEF တို့နဲ့ ပူးပေါင်းထုတ်ပြန်တဲ့ မြန်မာကျန်းမာရေးဝန်ကြီး ဌာနရဲ့ အမျိုးသားခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးစီမံချက် NAP ကထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ HIV ကူးစက်ပျံ့နှံ့မှုနှုန်းကျဆင်းခဲ့ပေမဲ့ လိင်တူချင်းဆက်ဆံသူတွေ၊ အမျိုးသမီးလိင်လုပ်သားတွေနဲ့ မူးယစ်ဆေးဝါးထိုးသူတွေထဲမှာတော့ ကူးစက်မှုနှုန်း အန္တရာယ်မြင့်မားနေဆဲပဲလို့ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG