သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး တောင်တက်သမားနှစ်ဦးရှာဖွေမှု စက်တင်ဘာ ၂၇ အဆုံးသတ်မည်


ခါကာဘိုရာဇီမှာ ပျောက်နေတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေမယ့် ထူး ဖောင်ဒေးရှင်းကယ်ဆယ်ရေးအဖွဲ့ ရောက်နေပြီဖြစ်တဲ့ ပေ ၁၃၂၀၀ အမြင့်က အခြေစိုက်စခန်း။ (ဓာတ်ပုံ/ ထူးဖောင်ဒေးရှင်း)
ခါကာဘိုရာဇီမှာ ပျောက်နေတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေမယ့် ထူး ဖောင်ဒေးရှင်းကယ်ဆယ်ရေးအဖွဲ့ ရောက်နေပြီဖြစ်တဲ့ ပေ ၁၃၂၀၀ အမြင့်က အခြေစိုက်စခန်း။ (ဓာတ်ပုံ/ ထူးဖောင်ဒေးရှင်း)

ပျောက်ဆုံးနေတဲ့ ခါကာဘိုရာဇီ တောင်တက်သမား ၂ ဦးတို့ကို စက်တင်ဘာလ ၂၇ ရက်နေ့ နောက်ဆုံးထား ရှာဖွေဖို့ သတ်မှတ်လိုက်ပါပြီ။ အခု ချိန်ထိတော့ ရာသီဥတု အခြေအနေ ဆိုးရွားလွန်းတာကြောင့် ရှာဖွေရေးအဖွဲ့တွေ ခါကာဘိုရာဇီ တောင်ပေါ်ကို မတက်နိုင်သေးပါဘူး။ သီတင်း ၃ ပတ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ တောင်တက်သမားတွေ အသက်ရှင်ရပ်တည်ရေးနဲ့ သူတို့ကို ရှာဖွေ ကယ်ဆယ်နိုင်ရေး အခြေအနေတွေကို မသိင်္ဂီထိုက် စုစည်းတင်ပြပေးထားပါတယ်။

ခါကာဘိုရာဇီတောင်ပေါ်မှာ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ ပျောက်ဆုံးနေတာ ၂၃ ရက်ရှိသွားပါပြီ။ ထူးဖောင်ဒေးရှင်းရဲ့ ကယ်ဆယ်ရေး အဖွဲ့ကတော့ မနက်ဖြန်မှာ ခါကာဘိုရာဇီ အခြေစိုက်စခန်းကို ရောက်ရှိမှာဖြစ်ပြီး ပျောက်ဆုံး တောင်တက်သမားတွေကိုရှာဖွေရေး လုပ်ငန်းကို စက်တင်ဘာ ၂၇ ရက်နေ့ကို နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတဲ့အကြောင်း ပြောခွင့်ရ ကိုဖြိုးကိုကိုသက်က ပြောပါတယ်။

“၂၇ ရက်နေ့ အပြီးရှာမယ်လို့ ကျနော်တို့က ရှာဖွေ ကယ်ဆယ်ရေးရဲ့ သဘောသဘာ၀ အရ သတ်မှတ်ထားတာပါ။ လက်ရှိ အဆက်အသွယ် ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးကို ကျနော်တို့ကတော့ အသက်ရှင်လျက် နှစ်ဦးလုံး ပြန်လည်ကယ်ဆယ်နိုင်ဖို့အတွက် မျှော်လင့်ပြီးတော့မှ ကျနော်တို့ အားသွန်ခွန်စိုက် ကြိုးစားပြီး အမြန်ဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ အဲဒီ ၂၇ ရက်နေ့ အပြီး ကျနော်တို့ကတော့ ရှာဖွေကယ်ဆယ်ရေးကို ဆောင်ရွက်သွားမှာပါ။ တကယ်လို့ အဲဒီ ၂၇ ရက်နေ့ နောက်ပိုင်းဆိုရင်တော့ ကျနော်တို့ ဆရာ ဦးတေဇရဲ့ လမ်းညွှန်ချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာပါ။”

မြန်မာနိုင်ငံ ခြေလျင်တောင်တက်အသင်းရဲ့ နာယကဖြစ်သူ စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇရဲ့ ထူးဖောင်ဒေးရှင်းက ဦးဆောင်ပြီး ပျောက်ဆုံး တောင်တက်သမားတွေကို ခြေလျင်နဲ့ဝေဟင် အဖွဲ့တွေနဲ့ ရှာဖွေဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရာသီဥတု ဆိုးလွန်းတာကြောင့် ခါကာဘိုရာဇီ တောင်ပေါ်ကိုတော့ ရဟတ်ယာဉ်နဲ့ တက်ရောက်ဖို့ ဖြစ်နိုင်ခြေ နည်းတယ်လို့လည်း ပြောခွင့်ရ ကိုဖြိုးကိုကိုသက်က ပြောပါတယ်။

“သူတို့အဖွဲ့က မနက်ဖြန် ကျရင် တောင်ခြေ အခြေစိုက်စခန်းကို ရောက်ပါမယ်။ အမြင့်ပေ (၁၃၂၀၀ ) မှာ ရှိပါတယ်။ အစီအစဉ် အရတော့ တောင်ခြေ စခန်းထိကို ရဟတ်ယာဉ်နဲ့ တက်ဖို့ စီစဉ်ထားပါတယ်။ နောက်ပြီး တောင်ပေါ်ကိုလည်း ဆက်ပြီး တက်ဖို့ စီစဉ်ထားပါတယ် ခင်ဗျ။ ရဟတ်ယာဉ်နဲ့ ရှာဖွေ ကယ်ဆယ်ဖို့အတွက်က ရာသီဥတု အခြေအနေက ပူတာအိုရဲ့ မြင်နိုင်စွမ်းအား အရမ်းနည်းနေတယ်။ မိုးလည်း အရမ်းရွာနေပါတယ်။ အဲဒီတော့ ရဟတ်ယာဉ်နဲ့ ခါကာဘိုရာဇီ တောင်ပေါ်အထိ တက်ပြီးတော့ ရှာဖွေဖို့ကတော့ ရာသီဥတု အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ် ခင်ဗျ။”

ပျောက်ဆုံး တောင်တက်သမား ၂ ဦးတို့နဲ့ အတူ ခါကာဘိုရာဇီ တောင်ကို တက်ခဲ့ကြတဲ့ တက္ကသိုလ် ခြေလျင် တောင်တက်အသင်း သဘာ၀ ခေါ်သံ ဖောင်ဒေးရှင်းက တောင်တက် အဖွဲ့ဝင် ၆ ဦးတို့ကတော့ ရန်ကုန်ကို ပြန်လည်ရောက်ရှိခဲ့ပါပြီ။ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ ပျောက်ဆုံးနေတာ သတင်း ၃ ပတ် ကျော်သွားပြီ ဖြစ်လို့ ရိက္ခာ ပြတ်လပ်မယ့် အရေးက အတော်လေး စိုးရိမ်စရာ ဖြစ်တယ်လို့ ခါကာဘိုရာဇီ တောင်တက် အဖွဲ့ဝင် တဦးဖြစ်သူ ကိုဟန်လင်းထွန်းက ပြောပါတယ်။

“သူတို့ယူသွားတဲ့ ရိက္ခာရယ် နောက် သူတို့ ယူသွားတဲ့ တောင်တက် ကိရိယာတွေရယ်က Survive လုပ်နိုင်ဖို့ကတော့- သူတို့ယူသွားတဲ့ တောင်တက် ကိရိယာတွေကတော့ Survive လုပ်ဖို့ အဆင်ပြေတယ်။ အဆင်ပြေပြေလည်း အသုံးပြုနိုင်တယ်။ ဒါပေမယ့် ကျနော်တို့ စိုးရိမ်တာ အဲဒီ ရိက္ခာတခုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရိက္ခာကို စတက်သွားကတည်းက ဘယ်နှစ်ရက်စာဆိုပြီး တွက်ချက်ပြီးတော့ ယူသွားကြတာ။ အခုတော့ အပေါ်မှာ ပျောက်တဲ့ရက်က များနေပြီ။ များလာပြီဆိုတော့ ရိက္ခာကတော့ သူတို့ ဖြည်းဖြည်းချင်း ကုန်လာတာနဲ့ ပြီးတော့ အပေါ်မှာက သောက်ရေမရဘူးလေ။ ရေမရှိတဲ့အတွက် နည်းနည်းတော့ အခက်ကြုံရမယ်လို့ ထင်ပါတယ်။”

သဘာဝခေါ်သံ ဖောင်ဒေးရှင်းက ခါကာဘိုရာဇီ တောင်တက်သမား ၆ ဦးတို့က ပျောက်ဆုံး တောင်တက်သမား ၂ ဦးတို့ကို ကူညီကယ်ဆယ်ရေးအတွက် ကမ်းလှမ်းခဲ့တယ်လို့လည်း ကိုဟန်လင်းထွန်းက ပြောပါတယ်။

“ကယ်ဆယ်ရေးပိုင်းမှာ ပြန်ပြီးတော့ ကူညီပေးဖို့ ကျနော်တို့ ကမ်းလှမ်းပါသေးတယ်။ ဒါပေမယ့် ထူးကုမ္ပဏီ ဥက္ကဋ္ဌကြီး ဦးတေဇက ကျနော်တို့က ပင်ပန်းလာကြပြီ၊ အားလုံး ပူတာအိုမှာ ခဏနား၊ ပြီးရင် ရန်ကုန်ကို ပြန်ပြီး မိဘတွေဆီကို ရက်လည်း အများကြီး ကြာနေပြီ ဖြစ်တဲ့အတွက် ရန်ကုန်ကို ပြန် မိဘတွေဆီကိုပဲ တန်းတန်းမတ်မတ် ပြန်ဖို့ သူက ညွှန်ကြားတယ်။ ပြီးတော့ ကျနော်တို့ကိုလည်း ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးကို လုံး၀ မပူနဲ့ သူတို့ကပဲ ရအောင် ရှာပေးမယ်။ အဲလိုမျိုး ပြောထားတဲ့အတွက် ကျနော်တို့ကလည်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးမှာ ဘာမှကို လုပ်လို့မရဘူး။ လုပ်ပိုင်ခွင့် မရှိခဲ့တဲ့ သဘောရှိပါတယ်။”

ပေပေါင်း ၂ သောင်းနီးပါး မြင့်တဲ့ ခါကာဘိုရာဇီတောင်ပေါ်မှာ ပျောက်ဆုံး တောင်တက်သမား ၂ ဦးတို့ကို ကယ်ဆယ်မယ့် အဖွဲ့တွေကတော့ မနက်ဖြန်မှာ ပေပေါင်း ၁ သောင်း ၃ ထောင် အမြင့်ကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်ရှင်။

XS
SM
MD
LG