သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးတောင်တက်သမားများ အခြေအနေ စိုးရိမ်လာ


ပျောက်ဆုံး မြန်မာတောင်တက်သမားနှစ်ဦးကို ရှာဖွေရေးအသင်း အစီအစဉ်များ တိုင်ပင်ဆွေးနွေးနေစဉ်။ (စက်တင်ဘာ ၁၃/၁၄။ ဓာတ်ပုံ- ထူးဖောင်ဒေးရှင်း)
ပျောက်ဆုံး မြန်မာတောင်တက်သမားနှစ်ဦးကို ရှာဖွေရေးအသင်း အစီအစဉ်များ တိုင်ပင်ဆွေးနွေးနေစဉ်။ (စက်တင်ဘာ ၁၃/၁၄။ ဓာတ်ပုံ- ထူးဖောင်ဒေးရှင်း)

ခါကာဘိုရာဇီတောင်ပေါ်မှာ မြန်မာ တောင်တက်သမား ၂ ဦး ပျောက်ဆုံးနေတာဟာ ဒီကနေ့ဆိုရင် ၁၆ ရက်ရှိသွားပြီ ဖြစ်ပြီး သူတို့အတွက် အကူအညီတွေ မရောက်ခင်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုအပါအဝင် ရာသီဥတုဒဏ် ကြံ့ကြံ့ခိုင်နိုင်ရေးတို့အတွက်ပါ စိုးရိမ်မှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

တက္ကသိုလ်ခြေလျင် တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းရဲ့ အမှုဆောင် ဦးထွန်းလှအောင်က လက်ရှိ ရှာဖွေ ကယ်ဆယ်ရေးအခြေအနေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“သူတို့နှစ်ယောက်ရဲ့မိသားစုဝင်တွေကတော့ လက်ရှိ ပူတာအိုမှာပဲ ထူးဖောင်ဒေးရှင်းပိုင်တဲ့ မူလာရှီဒီးမှာပဲ တည်းခိုနေရာချထားပေးတယ်လို့လည်း သိရပါတယ်။ လက်ရှိမိသားစုဝင်တွေကတော့ ပူတာအိုက အခြေစိုက်စခန်းမှာ ကူညီကယ်ဆယ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေ တာကိုလည်း သူတို့ သိနေ မြင်နေရပါတယ်။ ခက်ခဲ့တဲ့အတားအဆီးကတော့ ရာသီဥတုကြောင့်သာလျှင် ကျနော်တို့ လုပ်နေတာတွေက ခရီးမပေါက်နိုင်ဘဲ ကြန့်ကြာနေမှုလေးတွေ အနည်းငယ်ဖြစ်နေပါတယ်။ လက်ရှိ ပျောက်ဆုံးနေတဲ့ နှစ်ယောက်အတွက်ကတော့ ရက်နည်းနည်း ရှည်ကြာလာတာဖြစ်တဲ့အတွက် သူတို့အတွက်လည်း စိုးရိမ်စိတ်တွေလည်း နည်းနည်း ရှိနေပါတယ်။”

သဘာ၀ ခေါ်သံ ဖောင်ဒေးရှင်း က ခါကာဘိုရာဇီ တောင်တက် အဖွဲ့ ၈ ဦးထဲက ပြန်လာသူ ၆ ဦးတို့ဟာလည်း ဒီကနေ့မှာ ပန်နန်းနယ်ကို ရောက်ရှိလာမယ်လို့ ခန့်မှန်းထားကြပြီး ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကိုလည်း ဆက်သွယ်ရေး အခက်အခဲကြောင့် အသေးစိတ် မသိရသေးပါဘူး။

ဒီကနေ့မှာတော့ ရာသီဥတု ကောင်းလာတာမို့ ခါကာဘိုရာဇီ တောင်ဆီကို သွားရာ ကြားခံစခန်း ဖြစ်တဲ့ ပန်နန်းနယ်ကို ပူတာအိုမြို့ကနေ တဆင့် ကယ်ဆယ်ရေး အထောက်အကူ ပစ္စည်းတွေနဲ့ လူတချို့ကို ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ကယ်ဆယ်ရေးတွေတော့ မစနိုင်သေးပါဘူး။ လွန်ခဲ့တဲ့ ၂ ရက်က ကယ်ဆယ်ရေး အကူအညီပေးဖို့ ရောက်လာခဲ့ကြတဲ့ တရုတ် အရပ်သားရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ Blue Sky အဖွဲ့ဝင် ၉ ဦးတို့လည်း ကယ်ဆယ်ရေး မစနိုင်သေးတဲ့ အကြောင်း ဦးထွန်းလှအောင်က ပြောပါတယ်။

“ဒီနေ့ ရာသီဥတုအခြေအနေပေးတဲ့အတွက် ရဟတ်ယာဉ်နှစ်စင်းနဲ့ လူ ၁၁ ယောက်နဲ့ ရိက္ခာတွေနဲ့ ပန်နန်းနယ်ကို ထပ်ပို့ပါတယ်။ သူတို့တတွေက မနက်ဖြန်မှာ ပန်နန်းနယ်ကနေဆက်ပြီး တဟောင်နန်းကို ဆက်တယ်မယ်လို့တော့ လောလောဆယ် ကြားသိထားပါတယ်။ တရုတ်အဖွဲ့တွေကတော့ လက်ရှိ ထူးခြားတဲ့သတင်းတော့ မရသေးဘူးခင်ဗျ။ ခြေလျင်သွားတဲ့အဖွဲ့တွေက အဓိက တပ်ဘက်ကလည်း ပါတယ်ခင်ဗျ။ သွားနေတဲ့အဖွဲ့တွေထဲမှာ တပ်က အဖွဲ့တွေလည်း ပါပါတယ်။ အဓိက-ကတော့ လုပ်နေတဲ့လုပ်ငန်းကတော့ အကုန်လုံး ဒေသခံအာဏာပိုင်အဖွဲ့အစည်းရယ်၊ ထူးဖောင်ဒေးရှင်းရယ် အကုန်လုံးညှိနှိုင်းပြီးတော့မှ ပူးပေါင်း ဆောင်ရွက်နေတာပါခင်ဗျ။”

ပေ ၂ သောင်းနီးပါးမြင့်တဲ့ မြန်မာပြည်က ခါကာဘိုရာဇီ ရေခဲတောင်ထိပ် (ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း)
ပေ ၂ သောင်းနီးပါးမြင့်တဲ့ မြန်မာပြည်က ခါကာဘိုရာဇီ ရေခဲတောင်ထိပ် (ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း)

ပေပေါင်း ၂ သောင်းနီးပါး မြင့်တဲ့ အရှေ့တောင်အာရှ အမြင့်ဆုံး ခါကာဘိုရာဇီ တောင်ထိပ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က သဘာ၀ ခေါ်သံဖောင်ဒေးရှင်း ခါကာဘိုရာဇီ တောင်တက် အဖွဲ့ရဲ့ ခေါင်းဆောင် ကိုအောင်မြင့်မြတ်နဲ့ အဖွဲ့ စီမံခန့်ခွဲသူ ကိုဝေယံမင်းသူတို့ တက်ရောက်အောင်မြင်ခဲ့ပြီလို့ တောင်ခြေ အခြေစိုက်စခန်းမှာ ရှိနေတဲ့ ကျန် အဖွဲ့ဝင် ၆ ဦးထံကို သတင်းပို့ခဲ့ပြီးချိန်ကစလို့ ဒီကနေ့အထိ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG