သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှည်းကူးအနီး ရွာသားများကို စစ်တပ်က ရိုက်နှက်


ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စုထဲက သုံးဆယ်ပေါက်ကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က တရွာလုံးက ကလေးသူကြီးမကျန်ကို စုဝေး ခိုင်းပြီး ရွာအနီးမှာ အခြေစိုက်တဲ့ အင်းတိုင်တပ်နယ်ထဲက အမှတ် (၆၀၅) အမြောက်တပ်က အရာရှိတွေက အရာရှိတွေနဲ့ စစ်သည်တွေက ရိုက်နှက်ထိုးကြိတ်တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ ပါတယ်။ အဲဒီအထဲက အပြင်းထန်ဆုံး ရိုက်နှက် ကန်ကျောက် ထိုးကြိတ်ခံရသူ ဒေါ်ပိန်က လှည်းကူးဆေးရုံက ဘာမှ လုပ်မပေးသလို တိုင်ကြားထားတဲ့ ဖောင်ကြီးရဲစခန်းကလည်း ဘာမှ အရေးယူမပေးဘူးလို့ ဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းထားတဲ့ ဦးရော်နီညိမ်းက တင်ပြထားပါတယ်။

သြဂုတ်လ ၁ ရက်နေ့က သုံးဆယ်ပေါက် ကျေးရွာမှာ မွန်လေးလို့ အမည်ရှိတဲ့ ရွာခံလူငယ်တဦးဟာ အရပ်ဝတ် ဝတ်ထားတဲ့ ဗိုလ်ကြီး စစ်လင်းအောင် ဆိုသူနဲ့ ရွာထဲမှာ မတော်တဆ တိုက်မိကြရာက ထိုးကြိတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ပဲခူးမြို့က လမ်းပြကြယ် ဦးအေးမြင့် ဆီံကို လာရောက်တိုင်ကြားတဲ့ လှည်းကူးမြို့ခံက အခုလို ပြောပြပါတယ်။

“အဲဒီ (၆၀၅) တပ်က ဗိုလ်ကြီးစစ်လင်းအောင် ဆိုတဲ့ ပုဂ္ဂိုလ်က - ငါက ဗိုလ်ကြီးစစ်လင်းအောင် ကွ၊ ဗိုလ်ကြီးဆိုတာက မသိဘူးလား။ - ဆိုတော့ အရပ်ဝတ်နဲ့ဗျာ။ ဘယ်သိမှာလဲ။ အဲဒီ တော့ လူငယ် ၃ ယောက်ကို ပါးရိုက်၊ နားရင်းအုပ်၊ ဆောင့်ကန်၊ ရိုက်နှက် ထိုးကြိတ် ပြီးတော့ ပြန်သွားတယ်။”

မကြာခင်မှာပဲ အမတ (၆၀၅) တပ်က အဲဒီ ဗိုလ်ကြီးစစ်လင်းအောင်၊ တပ်ရေးဗိုလ်ကြီးအောင်ကျော်ဇင် နဲ့ တပ်မှူး ဗိုလ်မှူးဇော်ဇော် တို့ ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး မွန်လေးရဲ့ အစ်မ ဖြစ်တဲ့ ဒေါ်ပိန်ရဲ့ အိမ်ပေါ် တက်ရှာကြပြီး မွန်လေးကို မတွေ့တာကြောင့် တအိမ်လုံးကို ရိုက်နှက်ဖျက်စီးနေကြစဉ်မှာပဲ အမတ(၆၀၅) တပ်က နောက်ထပ် စစ်သည် (၅၀) လောက် စစ် ထရပ်ကားကြီးနဲ့ ရွာထဲကို ထပ်ပြီး ရောက်ရှိ လာပါတယ်။ တပ်ရေးးဗိုလ်ကြီးအောင်ကျော်ဇင်က တားဆီးနေတဲ့ကြားကပဲ ရဲဘော်တွေက မပိန်ကို အကြောင်းမဲ့ ထိုးကြိတ် ရိုက်နှက်ရုံတင် မက ရင်ဘက်ကိုပါ သေနတ်တွေနဲ့ ဆောင့်ရိုက်သွားခဲ့တယ်လို့ လှည်းကူးမြို့ခံက ပြောပါတယ်။

ဒါ့အပြင် အိမ်ခြေ (၂၂ ) လုံးပဲရှိတဲ့ သုံးဆယ်ပေါက်ကျေးရွာက ကလေးလူကြီးတစ်ယောက်မကျန် ရွာလမ်းပေါ်မှာ စုဝေးတန်းစီခိုင်းပြီး အရာရှိတွေရှေ့မှာပဲ ရဲဘော်တွေက ရိုက်နှက်ထိုး ကြိတ်ကန်ကျောက်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အပြင်းထန်ဆုံး ရိုက်နှက်ခံခဲ့ရတဲ့ ဒေါ်ပိန်က ဖောင်ကြီး ရဲစခန်းမှာ သွားပြီး အမှုဖွင့်ပေမဲ့ ဘာမှ အရေးမယူပေးဘူးလို့ ဒေါ်ပိန်က ဗီအိုအေကို အခုလို ပြောပြပါတယ်။

“ရဲစခန်းက ဘာမှ မပြောလိုက်ဘူး။ တပ်နဲ့ဖြစ်တာ မလုပ်ပေးဘူး။ သူတို့ပြောတာက ဒီအမှုကို ဆက်ကိုင်မယ်ဆိုရင်တဲ့ ငွေထုပ်ပိုက်ထားပါ လို့ ပြောလို့။ စစ်တပ်နဲ့ဆိုရင် မလုပ်ပေးရဲဘူး လို့ ပြောတယ်။ တခြား တိုင်လည်း ဘယ်သူမှ လက်မခံဘူး။ အဲဒါကြောင့် ဦးအေးမြင့်ဆီ လာတာ။”

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဗီအိုအေ ဝိုင်းတော်သား ကိုသားညွှန့်ဦးကလည်း ဖောင်ကြီးရဲစခန်းကို အခုလို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“အမိန့်ရှိပါခင်ဗျာ။ ဖောင်ကြီး ရဲစခန်းကပါ။”

ကျနော် တခုမေးချင်လို့။ ပြီးခဲ့တဲ့လက မရမ်းကုန်းကျေးရွာက မပိန် တပ်က အရိုက်ခံရတဲ့ကိစ္စ ဘာများထူးသေးလဲခင်ဗျ။ -

“အဲဒါဆိုရင် အစ်ကို၊ ကျနော် စခန်းမှူးကို သတင်းပို့ကြည့်ပါဦးမယ်ခင်ဗျ။ ခဏနေရင် ပြန်ဆက်လိုက်ပါလား။”

အဲဒီအမှုကိစ္စက ဘာများရှိသေးလဲခင်ဗျ။ -

“အဲဒါကတော့ ကျနော်တို့ သေချာမသိဘူး။”

သူက တိုင်ထားတာက ရဲစခန်းက လက်မခံဘူးကြားလို့ပါ။ -

“အဲဒီလိုတော့ မဟုတ်ပါဘူး အစ်ကို။”

ဒါဆို ဘယ်လိုမျိုးလဲခင်ဗျ။ အမှုက လက်ခံထားတဲ့သဘောလား။ -

“ဟုတ်တယ်။ ဟုတ်တယ်။”

အမှုဖွင့်ထားတဲ့သဘောလား။ -

“ဟုတ်တယ်။ ဟုတ်ပါတယ်။”

အရေးယူတာတွေ ဘာတွေရော ရှိလားခင်ဗျ။ -

“ရှိပါတယ်။”

ဘယ်လို အရေးယူထားလဲ။ -

“ကျနော်တော့ သေချာမသိဘူး။ တကယ်လို့ အစ်ကိုတို့ သေချာသိချင်ရင်တော့ ကျနော်တို့ စခန်းက တကယ့် တာဝန်ရှိတဲ့သူနဲ့ အစ်ကိုတို့ မျက်နှာချင်းဆိုင် တွေ့ပြီးတော့ မေးတာက ပိုပြီးတော့ သိနိုင်ပါတယ်။”

ဒဏ်ရာတွေ ပြင်းထန်နေတဲ့ ဒေါ်ပိန်ဟာ ဖောင်ကြီးရဲစခန်းမှာ သတိလစ်သွားခဲ့တာကြောင့် ဖောင်ကြီးရဲစခန်းက လှည်းကူးဆေးရုံကို လိုက်ပို့ပေမဲ့ စစ်တပ်ရဲ့ ရိုက်နှက်ခံရမှု ဖြစ်တာ ကြောင့် ဆေးရုံက ဘာမှမလုပ်ပေးဘဲ ဆေးနှစ်ပြားပဲ ပေးပြီး ပြန်လွှတ်လိုက်တယ်လို့ လှည်းကူးမြို့ခံက ပြောပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ပျက်ပြီး တစ်လလောက် ကြာတော့မှ အခု လို လမ်းပြကြယ် ဦးအေးမြင့်ထံကို လာရောက်တိုင်ကြားရသလဲ ဆိုတာနဲ့ပတ်သက်ပြီး လှည်းကူးမြို့ခံက အခုလို ပြောပါတယ်။

“ကျနော်တို့က တစ်လ ကျော်ကျော်လောက်ကာလ အတွင်းမှာ ဘာကြောင့် အခုလို နောက်ကျပြီးတော့ ပြောရသလဲဆိုတာက တရားဥပဒေ အရ အမှုဖွင့်တယ်ဗျာ။ ဒီနေ့အချိန်အထိ ဘာမှဖြစ်မလာဘူးဆိုတော့ ကျနော်တို့က ဘယ်သူ့ကို အားကိုးရတော့မှာလဲ။ ကျနော်တို့က အရိုက်လည်း ခံရတယ်။ စစ်သားဆိုလို့ရှိရင် ဘောင်းဘီဝတ်ရင် ကြောက်ရမယ့်သဘောကို ရောက်နေတယ်ဗျ။ စစ်တပ်လုပ်သမျှ ခံရမယ် ဆိုတဲ့ သဘောကို မခံနိုင်လို့ နောက်ဘိတ်ဆုံး ကူညီရာမဲ့တဲ့အတွက် လမ်းပြကြယ်ဦးအေးမြင့်ကတဆင့် အားလုံးသိအောင် လာပြီး ရင်ဖွင့် ပြတာပါ။”

အခုလ စက်တင်ဘာလမှာလည်း ပဲခူးမြို့ပေါ်မှာ စစ်တပ်က အရာရှိနဲ့ စစ်သည်တွေ လာရောက် ပစ်ခတ် သတ်ဖြတ်ခဲ့လို့ လူငယ် ၂ ဦး သေဆုံးခဲ့ရမှုလည်း ဖြစ်ပွားခဲ့ပါတယ်။

XS
SM
MD
LG