သုံးရလွယ်ကူစေသည့် Link များ

လှိုင်သာယာ အထည်ချုပ်စက်ရုံ လုပ်သား ၁၀၀ ကျော် ဆန္ဒပြ


လှိုင်သာယာ အထည်ချုပ်စက်ရုံ လုပ်သား ၁၀၀ ကျော် ဆန္ဒပြ

ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန် ၄ ၀င်မစွတ် ၀န်ထောက်လမ်းမှာရှိတဲ့ Tailor Garment အထည်ချုပ်စက်ရုံက အလုပ်သမား ၁၀၀ ကျော်ဟာ သူတို့ကို စက်ရုံက အလုပ်တွေ ပိုခိုင်းပြီး လုပ်ခလစာ နည်းလွန်းတဲ့အတွက် လစာထုတ်တဲ့ ဇွန်လ ၅ ရက်နေ့ တနင်္ဂနွေနေ့က စတင်ပြီး အလုပ်ချိန်မှာ အလုပ်မဆင်းဘဲ ဆန္ဒပြနေတာ ဒီနေ့ ဇွန်လ ၈ ရက်နေ့မှာ ၄ ရက်ရှိလာပြီ ဖြစ်ပေမဲ့ မပြီးဆုံးသေးဘူးလို့ ပြောဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

လှိုင်သာယာ စက်မှုဇုန် ၄ မှာရှိတဲ့ Tailor Garment အထည်ချုပ်စက်ရုံမှာ ရှိတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ဟာ စက်ရုံပိုင်ရှင်တွေက ကျွမ်းကျင်လုပ်သားများ မငှားရမ်းဘဲ သူတို့ကို မနိုင်ဝန်ထမ်းခိုင်းပြီး အတင်းအကျပ် စေခိုင်းတာတွေ၊ လုပ်အားခလစာ နည်းပါးတာတွေ၊ လုပ်အားခ ဖြတ်တောက်တာတွေ များတာကြောင့် ဇွန်လ ၅ ရက်နေ့ကစပြီး ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြ အလုပ်သမားတွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြ အလုပ်သမားတွေကို အကူအညီ ပေးနေတဲ့ နိုင်ငံတကာ အလုပ်သမား ဥပဒေ ကျွမ်းကျင်သူ ရှေ့နေ ဦးဖိုးဖြူက အခုလို ပြောပါတယ်။

“သူတို့ ပြဿနာတက်တဲ့ အဓိက အကြောင်းရင်းက တနေ့ကို အထည် ၄၀၀ ပေးရမယ်ဆိုပြီး တွန်းအားပေးတယ်။ တကယ့်အစစ်အမှန်က ကျွမ်းကျင်လုပ်သားတွေကို ခန့်ထားပေးခြင်း မရှိဘူး။ မရှိဘဲနဲ့ တလိုင်းတလိုင်းကို အားလုံးပေါင်းရင် ၄၀၀ ပေးရမယ်ဆိုပြီး တောင်းတဲ့အခါကြတော့ တလိုင်းမှ ၄၀၀ ပြည့်အောင် မပေးနိုင်ဘဲ ၃၆၀ လောက်ပဲ ပေးနိုင်တယ်။ အဲဒီလို ဖိအားပေးခံရတဲ့ ကိစ္စကလည်း ဖြစ်တယ်။ တနင်္ဂနွေပိတ်ရက် လုံးဝ မနားရဘူး ဖြစ်သွားတယ်။ ဒါက တချက်ပေါ့။

“ည ၇ နာရီခွဲ၊ ၈ နာရီအထိ အလုပ်ဆင်းရတယ်။ သို့သော်လည်း တနာရီကို ၄ ကျပ်၊ ၅ ကျပ်ပဲ ရတယ်။ ကျွမ်းကျင်လုပ်သားကျတော့ တနာရီကို ၈၀ ရတယ်။ တနေ့ကိုမှ သူတို့က ၁၃၀ ကျော်၊ ၂၀၀ ၀န်းကျင်လောက်လေးပဲ အချိန်ပိုကြေးက ရသလို ဖြစ်နေတယ်။ အခြေခံလစာ သိပ်နည်းလွန်းတဲ့ သူတွေက အများစု ဖြစ်နေတယ်။ တချို့ဆိုရင် ၂၀,၀၀၀ ကျော်ပဲ ရတယ်။ အဲဒီလို အခြေခံလစာ သိပ်နည်းလွန်းတဲ့သူက အများစု ဖြစ်နေတယ်။”

အခုဖြစ်ရတဲ့ ပြဿနာဟာ ကျွမ်းကျင် အလုပ်သမားတွေ ငှားရမ်းဖို့ ကိစ္စနဲ့ အလုပ်သမားတွေရဲ့ အခက်အခဲကို ရှင်းပြနိုင်မယ့် အလုပ်သမား အသင်းအဖွဲ့တွေ မရှိတာကြောင့်လို့ ဆိုပါတယ်။

အလုပ်သမားတွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ဖြေရှင်းပေးနိုင်ဖို့ အတွက်လည်း စာတစောင်ကို တင်ပြခဲ့တယ်လို့ ရှေ့နေ ဦးဖိုးဖြူက အခုလို ပြောပါတယ်။

“အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနနဲ့ ညွှန်မှူးတွေဆီကိုလည်း ဒီအခြေအနေက ဒီလိုတော့ဖြစ်တယ်၊ ဒီစီမံခန့်ခွဲရေး ပြဿနာကို ဒီလို ဖြေရှင်းဖို့အတွက် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ၀င်ရောက် ကြီးကြပ်ပါ၊ ပါဝင် ဆွေးနွေးပေးပါ၊ ညှိနှိုင်းပေးပါ ဆိုပြီးတော့ ကျနော့်ဘက်က ဥပဒေ အကြံပြု၊ ဒါမှမဟုတ်လည်း စီမံခန့်ခွဲရေးဆိုင်ရာ အကြံပြု စာတမ်းကိုလည်း တင်သွင်းတယ်။”

ဒီဆန္ဒပြမှုကတော့ ဒီနေ့အထိ ပြေလည်မှုတွေ မရသေးပေမဲ့ အလုပ်တွေ ပြန်ဆင်းပြီး ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ ဦးဖိုးဖြူက ပြောပါတယ်။

အခုစက်ရုံဟာ ဖွင့်တာ အနည်းဆုံး ၆ လခန့်သာ ရှိသေးပြီး တရုတ်၊ မြန်မာ ဖက်စပ်လုပ်ထားတဲ့ စက်ရုံလို့လည်း သိရပါတယ်။ အလုပ်သမား အင်အားကတော့ ၃၀၀ ကျော်သာ ရှိတယ်လို့ ဆိုပါတယ်။

အလားတူပဲ ဇွန်လ ၆ ရက်နေ့က ပဲခူးမြို့ ဟင်္သာကုန်းရပ်က CAP 1 ဦးထုပ်စက်ရုံက အလုပ်သမားတွေလည်း သူတို့ရဲ့ တောင်းဆိုချက်တွေ ရရှိပြီး ဒီနေ့မှာ အလုပ်တွေ ပြန်ဆင်းကြပြီလို့ ဆိုပါတယ်။ အလုပ်သမားတွေ တောင်းဆိုတဲ့ အထဲမှာ သူတို့ကို မတရား ဖိနှိပ်ပြီး စည်းကမ်းတွေ ထုတ်ခဲ့တဲ့ စက်ရုံက တာဝန်ခံ အမျိုးသမီး ၂ ဦးကို ထုတ်ပေးဖို့ ပြောရာမှာ စက်ရုံက ဒီအမျိုးသမီး ၂ ဦးကို ရန်ကုန်ကို ပြောင်းရွှေ့ပေးလိုက်တဲ့အတွက် ပြဿနာတွေ ပြေလည်သွားရကြောင်း အလုပ်သမားတွေ ကိစ္စကို လိုက်လံ ဆောင်ရွက်ပေးခဲ့တဲ့ ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အင်အားစု တိုင်းဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းက အခုလို ပြောပြပါတယ်။

“အခြေအနေက နောက်ဆုံး စက်ရုံ ရုံးချုပ်က ဒါရိုက်တာ ၂ ယောက်လည်း ဆင်းလာတယ်။ All Super ရယ်၊ မ၀တ်မှုန်ဆိုတာရယ် ၂ ယောက်ကို သူတို့ ရန်ကုန် ရုံးချုပ်ကို ရွှေ့လိုက်ပါတယ်။ သူတို့ မနေ့က ညနေ ၆ နာရီမှာ အဲဒီဆုံးဖြတ်ချက် ချလိုက်တယ်။ ပြေလည်သွားတယ်ပဲ ပြောရမှာပေါ့လေ၊ တောင်းဆိုတာ အောင်မြင်သွားတယ်။”

ရန်ကုန် စက်မှုဇုန်တွင်းက ဆန္ဒပြမှုတွေဟာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ နှစ်အတွင်းကဆိုရင် ဆန္ဒပြမှုပေါင်း ၄၀ ကျော် ဖြစ်ပွားခဲ့ပြီး တောင်းဆိုချက်အားလုံး မရရှိပေမဲ့ အလုပ်သမားတွေ အနေနဲ့ သူတို့တောင်းဆိုချက် တချို့ ရရှိခဲ့တာကြောင့် ပြေလည်မှုတချို့ ရသွားခဲ့ရပါတယ်။ အာဏာပိုင်တွေဘက်ကတော့ ဆန္ဒပြမှုတိုင်းမှာ အကျယ်တ၀င့် အဖြစ်မခံဘဲ အလုပ်သမားတွေနဲ့ ညှိနှိုင်းပေးမှုတွေကို များသောအားဖြင့် လုပ်ပေးလေ့ ရှိတာကိုလည်း တွေ့ရပါတယ်။

XS
SM
MD
LG