သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်သာယာမီး မိသားစု ၃၀၀ ကျော် အိုးအိမ်မဲ့ဖြစ်


လှိုင်သာယာ မြို့နယ် အလယ်ရွာမှာ ဒီကနေ့ မီးလောင်မှုကြောင့် မိသားစုပေါင်း ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ လောလောဆယ်မှာတော့ ဒီ မီးဘေးသင့်တဲ့ မိသားစုတွေကို အလယ်ရွာ အောင်ဇေယျာမင်း ဘုန်းတော်ကြီးကျောင်းမှာ ခေတ္တနေရာ ချထားပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုံစမ်း မေးမြန်းထားပါတယ်။

လှိုင်သာယာ မြို့နယ် အလယ်ရွာမှာ တနင်္လာနေ့မှာ နေ့လည် ၁၂ နာရီ ၁၅ မိနစ်လောက်က စပြီး ၁ နာရီခွဲ ကြာ မီးလောင်ခဲ့လို့ ရာနဲ့ချီတဲ့ မိသားစုတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး လှိုင်သာယာ ရဲစခန်းက အခုလို အတည်ပြု ပြောကြားပါတယ်။

“အလယ်ရွာ လှိုင်သာယာ အလယ်ရွာပါ ခင်ဗျ။ ဖြစ်တဲ့အချိန်ကတော့ နေ့လည် ၁၂ နာရီခွဲလောက်ကပေါ့ အစ်မရယ်။ ၁၂ နာရီ ၁၅ မှာစတယ်။ မီးငြိမ်းတာကတော့ ၁၃ နာရီ ၃၀ မှာ ငြိမ်းသွားပါတယ်။ လောလောဆယ် ကယ်ဆယ်ရေး စခန်းကပေါ့ အစ်မရယ်။ ဘုန်းကြီးကျောင်းမှာ နေရာ ကျယ်ကျယ်ဝန်းဝန်းက သူတို့ ရွာမှာက ဘုန်းကြီးကျောင်း ရှိတယ်လေ။ လောလောဆယ်မှာ ကတော့ ကျနော်တို့ စာရင်းကောက်နေတုန်း ပါပဲခင်ဗျ။ ဘုန်းကြီးကျောင်းဆိုတာ ကတော့ ကျနော်တို့ ဟိုမှာ မီးလောင်ပြင်နဲ့ ကျယ်ကျယ်ဝန်းဝန်း နေရမယ့် နေရာ၊ အဲဒီနေရာပဲ ရှိတယ်လေ။ အဲဒီတော့ အဲဒီနေရာမှာ လောလောဆယ် မီးဘေးဒုက္ခသည်တွေကို ကယ်ဆယ်ရေး စခန်းဖွင့်ထားတာပါ။”

ဝက်သား တုတ်ထိုး ဆိုင်ကနေ စတင်လောင်ကျွမ်းတဲ့ မီးကြောင့် အိမ်ခြေ ၁,၃၂၇ ရှိတဲ့ လှိုင်သာယာ မြို့နယ် အလယ်ရွာမှာ အိမ်ခြေ ၃၄၅ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်မှု အသေးစိတ်ကိုတော့ လှိုင်သာယာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်စိုးက အခုလို ပြောပါတယ်။

“အိမ်ခြေက အခု လက်ရှိကတော့ ၃၄၅ ပေါ့။ အိမ်ခြေ ၃၄၅ ဆိုတော့ အိမ်ထောင်စုက စုစုပေါင်းက ၃၂၈ ပေါ့။ ပါသွားတာက ၃၄၅ ပေါ့။ စလောင်တာကတော့ ဈေးရောင်းရအောင် ၀က်သားတုတ်ထိုး လုပ်ရင်းနဲ့ အဲဒီကနေ မီးစလောင်တာပေါ့။ ကယ်ဆယ်ရေး အနေအထားက ကျနော်တို့ အောင်ဇေယျာမင်း ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြီးတော့ ကျနော်တို့ ထားပါတယ်။ အစားအစာ၊ ဆေးဝါးတွေ ကျနော်တို့ အကုန်လုံး လုပ်ထားပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အိမ်သာတွေ ဘာတွေလဲ ကျနော်တို့ အကုန်လုံး စီစဉ်ထားပါတယ် ခင်ဗျ။”

မီးဘေး ဒုက္ခသည်တွေကို လတ်တလော အလယ်ရွာ အောင်ဇေယျာမင်း ဘုန်းတော်ကြီးကျောင်းမှာ ယာယီတဲတွေ ထိုးပြီး ကယ်ဆယ်ထားရတယ် လို့လည်း သူက ပြောပါတယ်။

“မရှိပါဘူး ခင်ဗျ။ ထိခိုက်ဒဏ်ရာရမှု မရှိပါဘူး ခင်ဗျ။ စက်ရုံတွေနဲ့ ရွာက နီးတော့ ဟိုဘက်ခြမ်းမှာ စက်ရုံတွေ ရှိပါတယ် ခင်ဗျ။ ရွာက အဓိက ကတော့ လက်လုပ်လက်စားတွေ များပါတယ်။ စက်ရုံဝန်ထမ်းတွေ များပါတယ် ခင်ဗျ။ ဒါကတော့ ကျနော်တို့ ကျေးရွာဆိုတော့ ကျေးရွာ အကွက်တွေ များပါတယ် ခင်ဗျ။ ဒီအိမ်တွေကလည်း တဲအိမ်တွေ ဆိုတော့ မီးလောင်လွယ်တာပေါ့။ အဲဒီထဲမှာ လေကလည်း တိုက်သွားတယ် ဆိုတော့ ဒီလောက် လောက် ဖြစ်သွားတာပါ။ လေကြမ်းလို့ပါ။”

လှိုင်သာယာ မြို့နယ် အလယ်ရွာက စက်ရုံ အလုပ်သမားတွေ အများစု နေထိုင်ကြပြီး ဓနိမိုး ထရံကာ တဲအိမ်တွေ များတာကြောင့်လည်း မီးကူးစက်မှု မြန်ပြီး အိမ်ခြေ ရာနဲ့ချီ ဆုံးရှုံးရတာလို့လည်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ လပိုင်းကပဲ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် မေတ္တာမွန် ဂိုဒေါင်ဝန်းမှာ အီလက်ထရောနစ် သိုလှောင်ရုံက စတင်လောင်ကျွမ်းတဲ့ မီးက ပရဆေး သိုလောင်ရုံကို ကူးစက်ပြီး မီးလောင် ပေါက်ကွဲခဲ့တာကြောင့် လူ ၁၇ ယောက် သေဆုံးပြီး ၈၃ ယောက် ဒဏ်ရာရခဲ့ပြီး အိမ်ထောင်စုပေါင်း ၁၄၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

XS
SM
MD
LG