သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဥပဒေပြင်ဆင်ရေး လွှတ်တော်ဆွေးနွေးဖွယ်ရှိ


ပြီးခဲ့တဲ့နှစ်ထဲ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီး သမ္မတ လက်မှတ်ရေးထိုး ပြဌာန်းခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကို ပြန်လည် သုံးသပ်ဖို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယကထံကို သဝဏ်လွှာ ပေးပို့လိုက်တာကြောင့် အမျိုးသားပညာရေးဥပဒေကို ပြန်လည် သုံးသပ် ပြင်ဆင်နိုင်မယ့် အလားအလာကောင်းတွေ ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ယူဆပါတယ်။

စတင်ပြဌာန်းချိန်ကတည်းက အားနည်းချက်တွေ ရှိခဲ့တဲ့အတွက် အခုလို ပြန်လည် သုံးသပ်ဖို့ အခြေအနေတွေ ဖြစ်လာရတာလို့လည်း သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနဲ့ အမျိုးသားပညာရေးအဆင့် မြင့်မား တိုးတက်စေဖို့ ဦးတည်ပြီးတော့လို့ ဆိုပြီး ပြီးခဲ့တဲ့နှစ်က ပြဌာန်းခဲ့တဲ့ အမျိုးသားပညာရေးဥပဒေပါ ပြဌာန်းချက်တချို့ကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့တဲ့ သဝဏ်လွှာကို ဒီကနေ့ လွှတ်တော်အမတ်တွေကြားမှာ ဖြန့်ဝေပေးခဲ့တာပါ။ သမ္မတက အခုလို တင်ပြတောင်းဆိုလာတဲ့အတွက် ဝေဖန်မှုတွေရှိနေတဲ့ အမျိုးသားပညာရေးဥပဒေကို လွှတ်တော်မှာ ပြန်လည်သုံးသပ်ဆွေးနွေးမှုတွေ ဖြစ်လာဖို့ အလားအလာကောင်းတွေ တွေ့ရတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

“ပြန်ပြီးဆွေးနွေးမှုတွေ ဖြစ်လာဖို့ အလားအလာ ရှိတယ်လို့တော့ ပြောရမှာပါ။ ဘာကြောင့်လဲဆို ကျနော်သိသလောက်က လွှတ်တော် နာယကကလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့ ကိစ္စရပ်မျိုးတွေ ရှိတယ်ဆိုရင်၊ လွှတ်တော်ဘက်က ဆောင်ရွက်မယ်လို့ ဒီကြားကာလမှာ ပြောခဲ့ဖူးတာတွေရှိတယ်။ ဒါကြောင့်မို့ ဒီဥပဒေဟာ ပြန်လည်ဆွေးနွေးလာနိုင်တဲ့ ဥပဒေတရပ် ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။”

အမျိုးသားပညာရေးဥပဒေဟာ လွှတ်တော်မှာ စတင် အတည်ပြုခဲ့တဲ့ အချိန်ကတည်းက အားနည်းချက်တွေ ရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။

“ကျနော်တို့ ဒီဥပဒေကို ရေးဆွဲခဲ့စဉ်ကတည်းက ဥပဒေက ၂ ခု ဖြစ်လာတယ်။ လွှတ်တော် ပညာရေးဥပဒေ ကော်မတီကလည်း ပြင်ဆင်ဆောင်ရွက်နေတဲ့ အခြေအနေ၊ အဲဒီပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေမှာလည်း ဝန်ကြီးဌာနဘက်က ပူးပေါင်းဆောင်ရွက်တယ်။ တဖက်ကလည်း ဝန်ကြီးဌာနက သူ့ဖာသာ ဥပဒေတရပ်ရေးတယ်။ ရေးပြီး အဲဒီဥပဒေ ၂ ရပ် လွှတ်တော်ကို ရောက်လာတယ်ပေါ့ဗျာ။ အဲဒီအခြေအနေကြားမှာ ဒီဥပဒေ ၂ ခုကို ပြန်ပြီး ပေါင်းစပ်ဆောင်ရွက်ရတဲ့ အခြေအနေတခု ဖြစ်လာတယ်။ အဲဒီအခြေအနေကလည်း ဥပဒေရဲ့ စတင်မှုမှာ အားနည်းချက် ရှိခဲ့တယ်။ ဥပဒေတွေမှာ အားနည်းချက် ရှိနိုင်တယ်။ ဒါတွေကို ကျနော်တို့က တကယ်ကို ပြည်သူလူထုကြားမှာ ဒီဥပဒေနဲ့ ပတ်သက်ပြီး လိုက်နာကျင့်သုံးရမယ့် လူတွေကြားကနေ ထွက်ပေါ်လာတဲ့ အသံတွေ အပေါ်ကနေ ဥပဒေကို Review လုပ်သင့်တယ်လို့ပဲ ကျနော်ထင်တယ်။ ဒီအခြေအနေမှာ ပြောင်းလဲဖို့ လိုအပ်တဲ့ ကိစ္စတွေကို ကျနော်တို့ ပြောင်းလဲကြရမယ်။ ဒါကို ကျနော်တို့ လက်ခံနိုင်ဖို့ပဲ လိုပါတယ်။”

အမျိုးသားပညာရေးဥပဒေကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုခဲ့ပြီး အဲဒီနောက် သမ္မတက လက်မှတ်ရေးထိုး ပြဌာန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီပညာရေးဥပဒေ ပါ ပြဌာန်းချက်တွေထဲမှာ ဗဟိုချုပ်ကိုင်မှု များလွန်းနေတာ၊ ကျောင်းသား သမဂ္ဂ နဲ့ ဆရာအသင်းအပင်းတွေလို အဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့် မပေးထားတဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့သလို ဒီ ပြဌာန်းချက်တွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တာပါ။

ဒီလို တောင်းဆိုမှုတွေ ရှိခဲ့ပြီးတဲ့နောက် ပညာရေးဝန်ကြီးဌာနနဲ့ ပညာရှင်တွေက ညှိနှိုင်း တင်ပြလာတဲ့အပေါ်မှာ ပြည်ထောင်စုအစိုးရက ပြန်လည် သုံးသပ်မှုတွေ လုပ်ခဲ့ပြီး ခုလို အမျိုးသား ပညာရေး ဥပဒေပါ ပြဌာန်းချက်တချို့ကို ပြန်လည် သုံးသပ် ပြင်ဆင်ပေးဖို့ အဆိုပြုတဲ့အကြောင်း ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့စွဲနဲ့ လွှတ်တော်နာယကထံ တင်သွင်းတဲ့ သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးမင်းသိန်းကတော့ ဘယ်လို ဥပဒေပဲဖြစ်ဖြစ် ပြဌာန်းတဲ့နေရာမှာ ပြည်သူလူထုတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ အခု အခြေအနေက ဖော်ပြနေတယ်လို့ ပြောဆိုသွားပါတယ်။

XS
SM
MD
LG