သုံးရလွယ်ကူစေသည့် Link များ

လွှတ်တော်အစည်းအဝေးကျင်းပနေချိန် တိုက်ရိုက်သတင်းရယူတာကို ဇွန်လ ၁ ရက်နေ့ကစတင်ပြီး လွှတ်တော် ၃ ရပ်လုံးကို ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ရုံး တာဝန်ရှိသူတဦးကတော့ အခုလို ဆောင်ရွက်တာဟာ လုံခြုံရေးအတွက် ဖြစ်တယ်လို့ ပြောဆိုပေမဲ့ မြန်မာဂျာနယ်လစ်ကွန်ယက် MJN ရဲ့ အတွင်းရေးမှူးကတော့ သတင်းစာလွတ်လပ်ခွင့် ဆုတ်ယုတ်လာတဲ့သဘော ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ အစည်းအဝေး ကျင်းပနေစဉ် Interpreter booth ခေါ် ဘာသာပြန်သူ အသုံးပြုတဲ့အခန်းအတွင်းက သတင်းမီဒီယာတွေကို တိုက်ရိုက်သတင်းရယူခွင့်ပြုခဲ့ရာက ဒီရက်ပိုင်းတွေအတွင်းမှာ ကန့်သတ်ပိတ်ပင်တာတွေကို ဆက်တိုက် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလော လွှတ်တော် ၃ ရပ်မှာ သတင်းရယူရတဲ့ အခြေအနေကို လွှတ်တော်သတင်းထောက် တဦးဖြစ်တဲ့ ကိုအောင်ထက်က အခုလို ပြောပါတယ်။

“မေလ ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကနေ စပိတ်လိုက်တာခင်ဗျ။ ပြီးတော့မှ ကျနော်တို့ ပြည်သူ့လွှတ်တော်ကို တခါ ထပ်ပိတ်တယ်။ ပြီးတော့ ဇွန်လ ၁ ရက်နေ့က အမျိုးသားလွှတ်တော်ကို ထပ်ပြီးတော့ ပိတ်လိုက်တာခင်ဗျ။ အရင်တုန်းက ကျနော်တို့ပေးထားခဲ့တဲ့ အခန်းကနေပြီးတော့ ရုပ်သံရိုက်လို့ရတယ်၊ ဓာတ်ပုံလှမ်းရိုက်လို့ရတယ်။ ၀န်ကြီးဆိုလည်းဝန်ကြီး၊ ကိုယ်စားလှယ်ဆိုရင်လည်း ကိုယ်စားလှယ်၊ ဥက္ကဌဆိုလည်း ဥက္ကဌပေါ့ဗျာ။ အဲဒါတွေကို ကျနော်တို့ ဓာတ်ပုံလှမ်းရိုက်လို့ရတယ်။ သို့သော် အခုက ကော်ဖီသောက်တဲ့နေရာလေးမှာပဲ တယ်လီဗေးရှင်းကို သူတို့ချပေးလိုက်တယ်။ အထဲထဲကို ကျနော်တို့ ဓာတ်ပုံရိုက်လို့မရဘူး။ ကြည့်လို့မရတော့ဘူး။ တီဗွီဖန်သားပြင်ကနေပြီး ကျနော်တို့ ကြည့်ရတဲ့သဘော ဖြစ်သွားတာပေါ့။”

မေလ ၂၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ တိုက်ရိုက်သတင်းရယူခွင့် ကန့်သတ်ခံရပြီးတဲ့နောက် ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးကို သွားရောက်ဆွေးနွေးခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူးလို့ ပြောပါ တယ်။

“ကျနော်တို့ ရုပ်သံတွေ အဆင်မပြေဘူး။ ဓာတ်ပုံရိုက်ရတာလည်း အဆင်မပြေတဲ့အတွက်ကြောင့်မို့ ပြန်လည်ဖြေလျှော့ပေးဖို့ ကျနော်တို့ တင်ပြတယ်ဗျ။ ဒါပေမဲ့လို့ အဲဒါ အဆင်ပြေမလာဘူးပေါ့ ယနေ့အချိန်အထိ။ စဖြစ်တဲ့ မေလ ၂၆ ရက်နေ့က ပိတ်ပြီးတော့ မေလ ၂၇ မှာ ကျနော်တို့ လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ကို သွားတွေ့တော့ မီဒီယာတွေ တော်တော်များများ ပါပါတယ်။ သွားတွေ့တော့ ဒီကိုယ်စားလှယ်တွေ အိပ်ငိုက်တဲ့ဓာတ်ပုံတွေကို ဂျာနယ်ထဲမှာထည့်တယ်၊ အွန်လိုင်းပေါ်မှာတင်တယ်ပေါ့ဗျာ။ ပြီးတော့ ဒီအထက်မြန်မာကိုယ်စားလှယ်တဦးက မဲပေးတာကို ကိုယ်ပိုင်မဲမဟုတ်ဘဲနဲ့ သူများရဲ့မဲခလုတ်ကို သွားနှိပ်တဲ့ဓာတ်ပုံ ဂျာနယ်တစောင်မှာ တက်သွားတဲ့အတွက်ကြောင့်မို့ အခုလို ပိတ်လိုက်တာလို့တော့ ပြောတယ်ခင်ဗျ။”

အမျိုးသားလွှတ်တော်ရုံး ဒုညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးကတော့ အမျိုးသားလွှတ်တော်အနေနဲ့ လုံခြုံရေးအရ သတင်းမီဒီယာသမားတွေကို ကန့်သတ်တာဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ဆီမှာကတော့ လုံခြုံရေးအရ ပိတ်တာပဲရှိတယ်။ တိုက်ရိုက် ရိုက်တဲ့ဥစ္စာကို တိုက်ရိုက် Skynet နဲ့ MRTV ကနေ လွှင့်တယ်။ Delay လည်း မရှိဘူးပေါ့။ Movie ရော၊ Still ရော ဒီဓာတ်ပုံတွေကို ကျနော်တို့ဆီက ၀န်ထမ်းတဦးက ယူထားပြီးတော့ ကြိုက်တဲ့အကွက်၊ ကြိုက်တဲ့အနေအထားကို ယူခွင့်ပေးထားတယ်။”

မြန်မာဂျာနယ်လစ်ကွန်ယက် MJN ရဲ့ အတွင်းရေးမှူး ဦးမြင့်ကျော်က လွှတ်တော်ထဲက အခြေအနေတွေကို မီဒီယာပေါ် မတက်လာအောင် ကန့်သတ်တာ ဖြစ်နိုင်ကြောင်းနဲ့ ဒီလိုကန့်သတ်တာဟာ သတင်းစာလွတ်လပ်ခွင့် ဆုတ်ယုတ်လာတဲ့သဘော ဖြစ်တယ်လို့ သုံးသပ်ပြောပါတယ်။

“နောက်ဆို လွှတ်တော်ရဲ့ အဲ့လိုမျိုး ကိစ္စမျိုးတွေ မီဒီယာပေါ် မတက်လာအောင် လုပ်တယ်လို့ပဲ ကျနော်မြင်တယ်။ ဒါကတော့ သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းမှုကို တားမြစ်လိုက်တဲ့ သဘောပေါ့နော်။ ပြောရင်တော့ သတင်းမီဒီယာလွတ်လပ်ခွင့်ထဲက အစိတ်အပိုင်းတချို့ နောက်ပြန်ဆုတ်သွားတယ်ပေါ့နော်။ ဒီလွှတ်တော်နဲ့ သတင်းရယူတာနဲ့ ပတ်သက်လို့ နောက်ပြန်ဆုတ်သွားတဲ့ဟာလို့ ကျနော်မြင်ပါတယ်။ အမှန်တော့ မီဒီယာလွတ်လပ်ခွင့်ဟာ အခု ဒီလပိုင်းတွေထဲမှာ တခုပြီးတခု အနှုတ်ဘက်ဆောင်တဲ့ဟာတွေက ဟိုမှာဖြစ်လိုက်၊ ဒီမှာဖြစ်လိုက် ဒါက အဲဒီလိုမျိုးဖြစ်စဉ်တွေထဲက အနှုတ်လက္ခဏာဆောင်တဲ့ အဖြစ်အပျက်တခုလို့ပဲ ကျနော်ကတော့ ထင်ပါတယ်။”

ဒီရက်ပိုင်းတွေအတွင်းမှာတော့ လွှတ်တော်အစည်းအဝေး အစီအစဉ် စာရွက်တွေကို အရင်ကလို သတင်းသမားတဦးချင်းအတွက် ဖြန့်ဝေပေးတာ မရှိတော့သလို လွှတ်တော်မှာ သတင်းရယူနေတဲ့ မီဒီယာသမားတွေကို ပြန်ကြားရေးဌာနက တာဝန်ရှိသူ ၂ ယောက်က စောင့်ကြပ်ကြည့်ရှုတာတွေ ရှိနေတယ်လို့ လွှတ်တော်သတင်းသမားတချို့က ပြောပါတယ်။ ၂၀၁၁ ခုနှစ် လွှတ်တော်အစည်းအဝေးတွေ စတင်ကျင်းပစဉ်ကတော့ သတင်းမီဒီယာသမားတွေကို သတင်းတပ်ဖွဲ့နဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အနီးကပ် စောင့်ကြည့်တာတွေ ရှိခဲ့ဖူးပါတယ်။

XS
SM
MD
LG