သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားနဲ့ ပြည်သူ လွှတ်တော်အစည်းအဝေးများ ရုတ်တရက်ပယ်ဖျက်


မနက်ဖြန် ဇွန်လ ၈ ရက်နေ့ နေပြည်တော်မှာကျင်းပဖို့ရှိနေတဲ့ အမျိုးသားနဲ့ ပြည်သူ လွှတ်တော်အစည်းအဝေးနှစ်ရပ်စလုံးကို ပယ်ဖျက်လိုက်ပြီး၊ ဘာကြောင့် အခုလိုလုပ်သလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ဒါနဲ့ပတ်သက်လို့ မမေခ စုံစမ်းမေးမြန်းထားပါတယ်။

မနက်ဖြန်လုပ်မယ်ဆိုတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို ပယ်ဖျက်ကြောင်း ပြည်သူ့လွှတ်တော်က ကြေညာချက်ထုတ်ပါတယ်။ ဘာကြောင့်လဲဆိုတာ အကြောင်းပြချက် မရေးထားသလို၊ ဘယ်တော့ ပြန်စမလဲဆိုတာလည်း မပါဝင်ပါဘူး။ အမျိုးသားလွှတ်တော် မနက်ဖြန် အစည်းအဝေးကိုလည်း ပယ်ဖျက်ထားတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

အခုလို ရုတ်တရက် လွှတ်တော်အစည်းအဝေးတွေ ပယ်ဖျက်လိုက်ရတာနဲ့ပတ်သတ်လို့ ပြည်သူ့လွှတ်တော် ညွှန်ကြားရေးမှုး ဦးကိုကိုနိုင် ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတာမှာ ရုံးဆင်းခါနီးအချိန်မှ အခုလိုပယ်ဖျက် ကြောင်းသိခဲ့ရတာဖြစ်ပြီး သူကိုယ်တိုင်တောင် အသေးစိတ်သိရှိခြင်းမရှိသလို ဘာကြောင့် ပယ်ဖျက်သလဲ မသိကြောင်း ခုလိုပြောပြပါတယ်။

"နားမှပဲသိတာ ခုနက ရုံးဆင်းခါနီးမှ မနက်ဖြန်တော့ ဥက္ကဋ္ဌရောမရှိဘူးထင်တယ် ခါတိုင်းတော့ အဲလိုဖြစ်ပါတယ်။ သူတို့အရေးပေါ်ဘာရှိသလဲတော့မသိဘူးပေါ့နော်။"

ရခိုင်ပြည်နယ်အ တွက် လွတ်လပ်သော စုံစမ်းစစ် ဆေးရေးကော်မရှင်ဖွဲ့စည်းရာ တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်တစ်ဦးထည့်သွင်းခြင်းကို ပြန်လည်စဉ်းစားဆုံးဖြတ်ရန် အစိုးရအားတိုက်တွန်းကြောင်း အဆိုကို ကြံခိုင်ရေးပါတီက ဇွန်လ ၆ ရက်နေ့က တင်သွင်းခဲ့ပြီး၊ ဒီအဆိုကို မနက်ဖန်လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးမှာဖြစ်လို့ ရုတ် တရက် အစည်းအဝေးကိုပယ်ဖျက်လိုက်တာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုမှုရှိပေမယ့်၊ ဒီလိုကြောင့်ဆိုတာကိုတော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။

NLD ပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းကတော့ ဒီ်လို ထင်မြင်ချက် တွေကို အတည်ပြုပေးနိုင်ခြင်းမရှိကြောင်း၊ အမျိုးသားလွှတ်တော်အစည်းအဝေးကိုတော့လာမယ့် တနင်္လာနေ့မှာ ပြန်လုပ်မှာဖြစ်တယ်လို့ ပြောပါတယ်။

"ဘာကြောင့်နားတယ်ဆိုတာကတော့ ကျနော်တို့ဆီကိုတော့ Explaination တော့မပို့ဘူးခင်ဗျ ဘာမှပြောသံမကြားဘူး။ ဘယ်နေ့ပြန်ဆပ်မယ်ဆိုတာကတော့ ကျနော်တို့ တနင်္လာနေ့ကတော့ အမျိုးသားကတော့ ပြန်စမယ်။ အတိအကျတော့မသိဘူး။ သူတို့ထင်မြင်ယူဆချက်အမျိုးမျိုး ပြောနေတာတွေတော့ရှိတာပေါ့ဗျာ ဒါတွေကတော့ confirm မလုပ်ဘူး။"

အခုလိုပယ်ဖျက်လိုက်တာက ပဟေဠိ ဆန်လွန်းတယ်လို့ ဆို လာသူကတော့ ကြံ့ခိုင်ရေးပါတီက မင်းကင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်ပါ။

"ကျနော်တို့ကိုမပြောဘူး ကျနော်ဆိုရင် လွှတ်တော်နားတာတောင်မသိဘူး ကျနေ်ာ့ကို မေးခွန်း section ကကောင်မလေးက ဖုန်းဆက်တာက အဘ မနက်ဖြန်မေးရမယ့်မေးခွန်းက မနက်ဖြန်တော့ မေးစရာတောင်မလိုတော့ဘူးတဲ့ အဲလောက်ပဲပြောပြီးဖုန်းချသွားတော့၊ လွှတ်တော်နားမှန်းတောင်မသိဘူး အမျိုးသားလွှတ်တော် နားတာလည်းမသိဘူး။ ကျနော်က ပြည်သူ့လွှတ်တော်ပဲနားတယ်လို့ အောင့်မေ့တာ။"

အရေးတကြီးနိုင်ငံတကာ ဧည့်သည်တွေနဲ့ တွေ့ဆုံရမယ်ဆိုရင်လည်း အခုလို လွှတ်တော်အ စည်းအဝေးတွေကို ရပ်နားတတ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကဆိုပေမယ့်၊ ဒီလို အရေးကြီးဧည်သည်တွေနဲ့ တွေ့ဖို့ရှိတယ်ဆိုတာလည်း မကြားမိဘူးလို့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

SNLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကတော့ မနက်ဖြန်ရပ်နားလိုက်တာနဲ့ပတ်သတ်လို့ ခုလိုပြောပြပါတယ်။

"မသိဘူးဗျ အရင်တုန်းကတော့ ၃ ခွဲလောက်က အစီအစဉ်ထွက်ပြီးတော့ နောက်ကျတော့ အဆောင်ရောက်သွားတော့ ၄ နာရီထိုးခါနီးလောက် အစီအစဉ် ဖျက်သိမ်းလိုက်တယ် ။ ကျင်းပမယ့်နေ့ကို နောက်မှ ဆက်ကြေညာမယ်လို့ပြောတယ် ကျနော်တို့လည်း မသိလိုက်ဘူးခင်ဗျ။"

ပယ်ဖျက်ရခြင်းအကြောင်းကို အတည်ပြုချက်ရဖို့ လွှတ်တော်ရုံးနဲ့သက်ဆိုင်ရာ လွှတ်တော် ဥက္ကဌ ပြောရေးဆိုခွင့်ရှိသူတွေဆီ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံ ဖြေဆိုခြင်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG