သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံခုံရုံး ကြေညာချက်ကိစ္စ လွှတ်တော်မှာဆွေးနွေး


လွှတ်တော် ပုံမှန်အစည်းအဝေး တက်ရောက်နေကြ သည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ။
လွှတ်တော် ပုံမှန်အစည်းအဝေး တက်ရောက်နေကြ သည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ။
လွှတ်တော်ကော်မရှင်တွေနဲ့ အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တည်ဆဲ ဥပဒေတွေကို ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်ကြောင်း အခြေခံဥပဒေခုံရုံးက ပြန်လည်ကြေညာပေးရေးအဆိုကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဖို့ ကြာသတေးနေ့မှာ မဲခွဲ အတည်ပြုလိုက်ပါတယ်။

ဒီအဆိုကိုတော့ ပျော်ဘွယ်မဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်စိုးက ကြားဖြတ် အရေးပေါ်အဆိုအဖြစ်နဲ့ တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်လိုက်ကြတာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

လွှတ်တော်ကော်မရှင်တွေဟာ နိုင်ငံတော်အဆင့် ဟုတ်မဟုတ်ဆိုတဲ့ အယူအဆနဲ့ပတ်သက်လို့ လွှတ်တော်နဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးတို့အကြား အပြန်အလှန် ငြင်းခုန် မှုတွေ ဖြစ်ပေါ်နေတာမှာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တည်ဆဲဥပဒေတွေကို ချိုးဖောက်တဲ့ ဆုံးဖြတ် ချက်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာပေးရေး အဆိုကို ဆွေးနွေးကြဖို့ ပြည်ထောင် စုလွှတ်တော်မှာ အများစုရဲ့ မဲဆန္ဒနဲ့ အတည်ပြုလိုက်ကြပါတယ်။

လွှတ်တော်အတွင်း ကြာသပတေးနေ့က မဲခွဲ ဆုံးဖြတ်ခဲ့တဲ့ အခြေအနေတွေကိုတော့ ကျောက်မဲမြို့ မဲဆန္ဒနယ်မြေ ကိုယ်စားပြု SNDP ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီက ပြည်သူ့ လွှတ်တော် အမတ်ဦးရဲထွန်းက ပြောပြပါတယ်။

“အဆိုတင်လိုက်တယ်ဆိုတာ ပထမဆုံး အရေးတကြီးအဆိုဖြစ်တဲ့အတွက်ကြောင့် လက်ခံ ဆွေးနွေး မလား၊ မဆွေးနွေးဘူးလားဆိုတာကို လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူတဲ့အနေနဲ့ မဲခွဲတာ။ မဲခွဲတော့ သုံးပုံတစ်ပုံ ရလို့ရှိရင် ဒါကို လက်ခံပြီး ဆွေးနွေးရမယ်၊ အခုရတဲ့မဲက အများကြီး ရတယ် ဆိုတဲ့ အခါကျတော့ ဒါကို လက်ခံဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်ပါပြီဆိုပြီးတော့ လွှတ်တော် နာယက-က ကြေညာလိုက်ပြီးတော့ ဆွေးနွေးချင်တဲ့သူတွေ စာရင်း လာပေးနိုင်ပါတယ်၊ တနင်္လာနေ့အထိပေါ့ အဲဒီလို သူက Target Date ပေးလိုက်တယ်။”

တနည်းအားဖြင့်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအနေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်လို့ မှားယွင်းကြောင်း ဝန်ခံပြောဆိုဖို့ လွှတ်တော်ဘက်ကနေ နောက်ထပ် အခွင့်အရေးတခု ထပ်ပေး လိုက်တာပဲလို့ ဦးရဲထွန်းက ပြောပါတယ်။

“အရေးကြီးတာကတော့ တစ်ချက်ပဲ၊ သူတို့ ဆုံးဖြတ်ခဲ့တာ မှားယွင်းပါတယ်၊ လုပ်ထုံးလုပ်နည်း အရပဲ ဖြစ်စေပေါ့လေ- မှားယွင်းပါတယ်လို့ ဝန်ခံလိုက်လို့ရှိရင် ဒီပြဿနာဟာ အေးအေးဆေးဆေးနဲ့ ပြီးသွားမှာပါ။”

ကြာသပတေးနေ့က လွှတ်တော်အတွင်း အဆိုတင်သွင်းခဲ့တဲ့သူကတော့ ပျော်ဘွယ် မဲဆန္ဒ နယ်မြေကိုယ်စားပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်စိုး ဖြစ်ပါတယ်။

ဒီအဆိုကို ဆွေးနွေးပြီးတဲ့အချိန်ထိ ဖွဲ့စည်းပုံ အခြေခံဥပဒေခံရုံးက အမှား ပြင်ဆင်ချက် မထုတ်ပြန်တော့မှသာ လွှတ်တော်ဘက်က Impeachment လို့ခေါ်တဲ့ စွပ်စွဲ ပြစ်တင်ခြင်းကဏ္ဍကို လုပ်ဆောင်မှာဖြစ်တယ်လို့ ဦးရဲထွန်းက ပြောပါတယ်။

“ဆွေးနွေးဖို့အတွက် တနင်္လာနေ့ရဲ့နောက်ပိုင်းမှာ သူတို့ သတ်မှတ်လိမ့်မယ်။ သတ်မှတ်ပြီးတဲ့အခါ အပြန်အလှန်ဆွေးနွေး၊ ဆွေးနွေးပြီးတဲ့အခါ မဲပြန်ခွဲမှာ။ အဲဒီ မဲခွဲတဲ့နေ့ကျတော့မှ ဒီ အဆို ကို ထောက်ခံတာလား၊ ကန့်ကွက်တာလားဆိုတာ ဆုံးဖြတ်မှာ။ အဲဒီ အဆိုကို ထောက်ခံ၊ ကန့်ကွက် ကြတော့ ရိုးရိုး အသာမဲနဲ့ပဲ ဆုံးဖြတ်မှာဖြစ်တယ်။ ကြားနေတဲ့လူလည်းရှိမယ်၊ ကန့်ကွက်တဲ့လူလည်း ရှိမယ်၊ အဲဒီမှာ ရိုးရိုးအသာမဲနဲ့ နိုင်သွားတယ် ဆိုရင် ဒီအဆိုဟာ လွှတ်တော်ရဲ့အဆို ဖြစ်သွားပြီးတော့ လွှတ်တော်ကနေပြီးတော့ ဒီအဆိုကို သက်ဆိုင်ရာခုံရုံးကို လှမ်းပြီးတော့ အကြောင်းကြားရမယ်။ အကြောင်းကြားတဲ့အခါကျတော့မှ ခုံရုံးကနေ ရပြီးတော့ လွှတ်တော်ရဲ့ အဆိုပြုချက်ကို သူတို့ လက်ခံတယ်ဆိုရင် သူတို့ မှားပါတယ်ဆိုတာကို ဝန်ခံကြေညာချက် ထုတ်လိုက်လို့ရှိရင် ဒီကိစ္စ ဟာ ယေဘုယျအားဖြင့် ချောမွေ့သွားပြီလို့ ပြောနိုင်တယ်။ အဲဒီတော့ ဒီ ခုံရုံးအဖွဲ့ဝင်တွေက မာန်မချဘူးဆိုရင်တော့ သူတို့လုပ်တာ မှန်တယ်၊ မမှားဘူးဆိုပြီးတော့ ဆက်ပြီးတော့ တင်းခံနေမယ်ဆိုရင်တော့ လွှတ်တော်ကနေပြီးတော့ သူတို့ကို စွပ်စွဲပြစ်တင်တဲ့လုပ်ငန်းကို ဆက်လုပ်ဖို့ အလားအလာ များတယ်။”

ဒီအဆိုကိုတော့ ပြည်ထောင်စုလွှတ်တော်အတွင်း ကြာသပတေးနေ့က မဲပေးခွင့်ရှိသူ လွှတ်တော်အမတ် ၆၂၂ ဦးကနေ ထောက်ခံမဲ ၄၅၂ မဲ၊ ကန့်ကွက်မဲ ၁၅၃ မဲ၊ ကြားနေမဲ ဆယ်မဲနဲ့ အတည်ပြုလိုက်ကြတာပါ။

ဒီအဆိုကို ဆွေးနွေးဖို့ကိစ္စမှာ လွှတ်တော်အမတ်အများစုရဲ့ ထောက်ခံမဲတွေ ရရှိခဲ့ပေမယ့်လည်း တကယ့်တကယ် အရေးယူရေးအတွက် မဲခွဲ ဆုံးဖြတ်တဲ့အခါမှာ လွှတ်တော်ရဲ့ အမတ်အရေအတွက် ၂၅ % ကို ရယူထားတဲ့ တပ်မတော်ကိုယ်စားပြု လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုပါမှ ဖြစ်နိုင်မှာမို့ သူတို့ရဲ့ ထောက်ခံမှု ရနိုင်ပါ့မလားလို့ လွှတ်တော်အမတ်တွေကြား စိုးရိမ်မှုတွေကတော့ ထွက်ပေါ်နေ ပါတယ်ခင်ဗျား။
XS
SM
MD
LG