သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်တွင်း မီဒီယာများ သတင်းယူမှု ကန့်သတ်ခံရ


လွှတ်တော်တွင်း မီဒီယာများ သတင်းယူမှု ကန့်သတ်ထားသည့်နေရာ (သတင်းဓါတ်ပုံ- ကိုစည်သူ)
လွှတ်တော်တွင်း မီဒီယာများ သတင်းယူမှု ကန့်သတ်ထားသည့်နေရာ (သတင်းဓါတ်ပုံ- ကိုစည်သူ)

လွှတ်တော်မှာ သတင်းမီဒီယာတွေကို သတင်းရယူခွင့် အရင်ထက်ပိုပြီး ကန့်သတ်ပိတ်ပင်လိုက်တာနဲ့ ပတ်သက် လို့ သတင်းမီဒီယာအဖွဲ့အစည်းတွေက ကန့်ကွက်လိုက်ပါတယ်။

သတင်းမီဒီယာတွေ လွှတ်တော်တွင်း သတင်းရယူခွင့်နဲ့ ပတ်သက်တဲ့ စည်းကမ်းသတ်မှတ်ချက် တွေဟာ အရင် ကတည်းက ရှိပြီးသားဖြစ်ပြီး အခုမှ ပိုပြီးတင်းကျပ်လိုက်တဲ့သဘောသာဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော် ရုံးက တာဝန်ရှိသူကတော့ ပြောပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

လွှတ်တော်တွင်း သတင်းရယူခွင့်ကို ကန့်သတ်လိုက်ပြီး သတင်းမီဒီယာတွေ လိုက်နာရမယ့် အချက် ၁၈ ချက်ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ရုံးက ဖေဖော်ဝါရီ ၅ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက် ကြောင့် မီဒီယာတွေ သတင်းရယူရတာ ခက်ခဲသွားတာမို့ MJN, MJA စတဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေက ဒီညွှန်ကြားချက်အပေါ် ဝိုင်းဝန်းကန့်ကွက်လိုက်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်တဲ့ ဖေဖော် ဝါရီ ၁ရက်နေ့ လွှတ်တော်အသစ်မှာ သတင်းလာရောက်ရယူတဲ့သူ အင်မတန်များတာမို့ အဆင်မပြေမှုတွေ ကြုံ တွေ့ခဲ့တာကြောင့် အခုလို ညွှန်ကြားချက် ထုတ်ပြန်တာဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော်ရုံးရဲ့ ညွှန်ကြားရေးမှူ း ဦးနေဝင်းက ပြောပါတယ်။

“အရင်ကတည်းကလည်း ဒါတရားဝင် ထုတ်ပြီးသားခင်ဗျာ။ ကျနော်တို့ အရင်တုန်းကတော့ Red Tape တားတာတွေမှရှိဘူးပေါ့နော်။ ဒါပေမယ့် အဲဒီလိုမျိုး အကြီးအမှူးတွေ သွားရေးလာရေးကအစ နဲနဲ အဆင်မပြေတာ၊ ပိတ်တာတွေ နည်းနည်းလေး အခက်အခဲတွေ ဖြစ်ကုန်တာပေါ့နော်။အဲဒါတွေ ဖြစ်ကုန်တော့ ဒါလေးတွေကို အကုန်လုံး လိုက်ပါဆောင်ရွက်ပါဆိုပြီးတော့ အဲဒါလေးတွေကို ကျနော်တို့ ထပ်ပြီးထုတ်တာပါခင်ဗျ။ တခု ဥပမာပြောရရင် ကျနော်တို့ဆီမှာ လွှတ်တော်ကိုယ်စားလှယ်က ၆၅၃ ပဲရှိပါသေးတယ်။ အဲဒီမှာ သတင်းယူမယ့်အဖွဲ့က စာရင်းပေးတာ ၆၇၇ ဦးရှိပါတယ်ခင်ဗျာ။ အဲဒီလိုအခြေအနေကြောင့်လည်းဖြစ်တယ်။ ဒါကြောင့်မို့ လူဦးရေလည်း ကန့်သတ်ပေးပါဆိုပြီးတော့ ကျနော်တို့ အဖွဲ့အစည်းတွေအားလုံးကို ပူးပေါင်းဆောင်ရွက်ပေးကြပါဆိုပြီးတော့ ကျနော်တို့က တင်ပြတာပါ။ ”

သတင်းမီဒီယာတွေရဲ့ သတင်းရယူခွင့်ကို ကန့်သတ်လိုက်တဲ့ စည်းကမ်းချက် တွေထဲမှာ မီဒီယာတစ်ခုကို ၅ ဦး ထက်မပိုတဲ့ လွှတ်တော်သတင်းရယူမယ့် သတင်းထောက်စာရင်းကို လွှတ်တော်ရုံးကို ပေးပို့ဖို့၊ လွှတ်တော် တွင်း သတင်းရယူဖို့ သတ်မှတ်ထားတဲ့နေရာတွေမှာသာ သတင်းဓာတ်ပုံ၊ ဗီဒီယိုရိုက် ကူးတာ၊ သတင်းမေးမြန်း တာတွေလုပ်ဖို့၊ လွှတ်တော်အစည်းအဝေးခန်းမအပါအဝင် မီဒီယာ ကန့်သတ် ဧရိယာအတွင်း ဝင်ရောက်ခြင်း မပြုဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။

လွှတ်တော်အသစ်နဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုမြင့်မားနေချိန်မှာ လွှတ်တော်ကို သတင်းလာ ရောက် ရယူတဲ့ သတင်းသမားဦးရေ အဆမတန် များလာတာကြောင့် ဖြစ်ပေါ်လာတဲ့ အဆင်မပြေမှုတွေဟာ လွှတ်တော် ရုံးရဲ့ စီမံခန့်ခွဲမှု အားနည်းတာကြောင့် ဖြစ်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ယက်က ဦးမြင့်ကျော်က ထောက်ပြပါတယ်။

“သူတို့ရဲ့ စီမံခန့်ခွဲမှု အားနည်းတာ၊ ညံံ့ဖြင်းတာကို ဖော်ပြသလိုပဲလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအခြေအနေမျိုးကလည်း လွှတ်တော် သက်တမ်း တလျှောက်လုံး မီဒယာသမားတွေ ရာနဲ့ချီပြီး အမြဲတမ်းနေမှာလည်း မဟုတ်ဘူးလေ။ ဒီလို စိတ်ဝင်စားမှု အင်မတန်မြင့်တဲ့အချိန်မှာ မီဒီယာသမား များနေတဲ့ဟာကို သူတို့ စီမံခန့်ခွဲမှု အားနည်းနေတာကို မီဒီယာသမားတွေအပေါ်မှာ ပြစ်တင်တဲ့ လုပ်ဆောင်တဲ့ဟာကိုတော့ သဘောမကျပါဘူး။”

ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်တဲ့ ညွှန်ကြားချက်ထဲမှာ ပါဝင်တဲ့ လွှတ်တော်တွင်း ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတော်နှင့် လွှတ်တော် သိက္ခာ မကျစေရေး ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြဖို့ ဆိုတဲ့ အချက် အပေါ် လွှတ်တော်တွင်းသတင်းရယူခွင့် စည်းကမ်းချက်တွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ သတင်းမီဒီယာသမားတွေ ဝေဖန်နေကြတာဖြစ်ပါတယ်။

သတင်းရယူခွင့်အပေါ် ကန့်သတ်ချက်တွေ များလာတာမို့ လွှတ်တော်တွင်း သတင်းရယူရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ မြန်မာတိုင်းမ်ဂျာနယ်က မအိအိတိုးလွင်က အခုလိုပြောပြပါတယ်။

“ အခုဟာ စနစ်တကျကို သတင်းရယူခွင့်နဲ့ ပတ်သက်ပြီးတော့ ဒီထက်ပိုပြီးတော့ စနစ်ကျတာမျိုးတော့ အမကတော့ ဖြစ်စေချင်တယ်ပေါ့နော်။ ဒီထုတ်ပြန်ချက်က သူတို့ထုတ်ပြန်မှုသာရှိနေတာလေ။ အခုထိ အမတို့က ဒီအတိုင်းပဲ အမတို့ အဆင်ပြေသလို လုပ်နေတာပဲလေ။”

ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်ဟာ သတင်းမီဒီယာတွေ အပါအဝင် NLD ပါတီ က ဖွဲ့စည်းထားတဲ့ လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီတို့နဲ့ ပါ သေချာတိုင်ပင်ဆွေးနွေးထားတာမရှိတဲ့ တ ဖက်သတ်ကြေညာချက်သာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“အမတို့ ဒီမီဒီယာကို ကိုယ်စားပြုတဲ့ လူအနည်းငယ်ပဲ ခေါ်တွေ့ပြီးတော့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ပေါ့နော်။ ကျမတို့အနေနဲ့လက်ခံထားတာက ဒါသည် တဖက်သတ် ထုတ်ပြန်ချက်ပဲ။”

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အများဆုံးပါဝင်တဲ့ လွှတ် တော်သစ် စတင်ချိန်မှာမှ လွှတ်တော်တွင်း သတင်းရယူခွင့်တွေကို ပြည်ထောင်စုလွှတ်တော်ရုံးက အရင်ထက် ပိုမို တင်းကျပ်လိုက်တာဖြစ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းစကာလမှာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေရဲ့ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို လေးစားဖို့ သတင်းမီဒီယာအဖွဲ့အစည်းတွေက ထောက်ပြ နေကြတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG