သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းစုစီ ဥပဒေပြင်ဆင်ရေး အမျိုးသားလွှတ်တော် အတည်ပြု


အငြင်းပွားဖွယ် ပြင်ဆင်မှုတွေကြောင့် ကန့်ကွက်မှုများ ကြုံတွေ့နေရတဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါပြီ။ ကန့်ကွက်သူတွေကတော့ ခုပြင်ဆင်ဖို့တင်လာတဲ့ ဥပဒေကြမ်းဟာ အာဏာပိုင်တွေက အယူအဆ မတူသူတွေကို အလွယ်တကူ ဖိနှိပ် အရေးယူလို့ ရနိုင်တာမို့ ဒီမိုကရေစီစံနဲ့မကိုက်ညီဘူးလို့ ဆိုကြပါတယ်။ ဒီဥပဒေကို ကန့်ကွက်သူ တွေထဲမှာ လက်ရှိအာဏာရ NLD ပါတီဝင်တွေလည်း ပါဝင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခကပေးပို့ထားပါတယ်။

ငြိမ်းစုစီလို့ လူသိများတဲ့ ဒီ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသား လွှတ် တော်မှာ မတ် ၅ရက်နေ့ကစပြီး အခြေအတင် ဆွေးနွေးကြပြီးတဲ့နောက် ဒီကနေ့မှာတော့ လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

၂ရက်ကြာဆွေးနွေးခဲ့တာမှာ လက်ရှိအာဏာရပါတီNLD က ပါတီဝင်တွေလည်း ပါဝင်ကန့်ကွက်ခဲ့တာတွေရှိခဲ့ပြီး ဒီထက် အရေးကြီးတဲ့ ဥပဒေတွေကို ပြင်ဆင် ပြဌာန်းဖို့လိုအပ်နေချိန်မှာ ဦးစားပေး လုပ်ဆောင်သင့်တဲ့ ဥပဒေတွေကို ရွေးချယ်လုပ်ဆောင်ကြဖို့ စစ်ကိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွတ်က ပြောပါတယ်။

" ဒီထက်အရေးကြီးတဲ့ ဥပဒေတွေပြဌာန်းဖို့လိုနေတယ်။ ဒီမိုကရေစီနဲ့ပတ်သတ်တဲ့ ဥပဒေမျိုးမှာ ဒီမိုကရေစီဘောင် ကျဉ်းတဲ့ ကန့်သတ်တာမျိုးမလုပ်သင့်ဘူး။ ဒီ်မိုကရေစီနောက်ကြောင်းပြန်အောင်လုပ်နေသူတွေကို တားဆီးရင်းနဲ့ ကျနော်တို့ကိုယ် တိုင် ဒီ်မိုကရေစီနောက်ကြောင်းပြန်အောင်မလုပ်မိစေဖို့ အရေးကြီးပါတယ်။ တကယ်လုပ်ရမှာက ၂၀၀၈ဖွဲ့စည်းပုံပြင်ရေး ဒီမိုကရေစီတိုးချဲ့ ရေး တွေ ဒီမိုကရေစီအခြေခံတွေကို အုတ်မြစ်ခိုင်မာအောင်လုပ်ရေးတွေ လုပ်သင့်တယ်လို့ ကျနော်ပြောချင်ပါတယ်"

အမျိုးသားလွှတ်တော်ဦးရေရဲ့ ထက်ဝက်နီးနီး အယောက် ၈၀ နီးပါး ကန့်ကွက်ခဲ့ပေမယ့် ထောက်ခံသူက ၁၀၀ကျော်ရှိ တာမို့ ဥပဒေဟာ အတည်ဖြစ်ခဲ့တာပါ။

ဥပဒေကြမ်း စတင် တင်သွင်းတဲ့အချိန်ကစလို့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ကိုက်ညီခြင်း မရှိဘူးဆိုပြီး လူ့အခွင့်အရေး အဖွဲ့အစည်း အသီးသီးက ကန့်ကွက်ခဲ့ကြသလို ဥပဒေကြမ်း ကို စတင်ဆွေးနွေးတဲ့ နေ့မှာလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေနဲ့ တက်ကြွ လှုပ်ရှားသူဟာ ရန်ကုန်မြို့မှာ စီတန်း လှည့်လည်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အခု အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းအရ ငြိမ်းချမ်းစွာ စုဝေးတာ၊ စီတန်းလှည့်လည်တာ လုပ်သူတွေက ပြုလုပ်မယ့် အစီအစဉ် အသေးစိတ်၊ ခန့်မှန်းလူဦးရေအပြင် ခန့်မှန်း ကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့် ပုဂ္ဂိုလ် ၊ ဒါမှမဟုတ် အဖွဲ့အစည်းတွေကို နာမည်လိပ်စာ အပြည့်အစုံ အသိပေးရမှာ ဖြစ်ပါတယ်။

အတည်ဖြစ်ခဲ့တဲ့ ဥပဒေကြမ်းမှာ ဥပဒေပုဒ်မ တခုထပ်တိုးတင်ပြထားပြီး ဆန္ဒပြဖို့ သွေးဆောင်ဖျားယောင်းပြီး တိုက်တွန်း တာမျိုးလုပ်သူ ရှိရင် ဒီလူကို ထောင် ၂နှစ် ချနိုင်ဖို့ ထပ်တိုး တင်ပြထားပါတယ်။

ဒီကနေ့ဆွေးနွေးတာမှာ တပ်မတော်သား ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဒုတိယဗိုလ်မှုးကြီး တင်လင်းဦးက ရက်တိုတိုနဲ့ မြန်မြန် ဆွေးနွေးတာကြောင့် မသင့်တော်တဲ့ ၊ ဥပဒေနဲ့ မညီတဲ့ ဥပဒေတခု ဖြစ်နေတယ်ဆိုပြီး ထောက်ပြ ပြောခဲ့သလို နိုင်ငံသားအခွင့်အရေး ထိပါးစေတယ် ဆိုပြီး ကန့်ကွက်ခဲ့ပါတယ်။

" မိမိတို့ဆန္ဒ ထုတ်ဖော်တာမှာ ဦးဆောင်သူတွေရှိကြမည်သာဖြစ်ပါတယ်။ ထိုသူတွေက ထိုသို့ဖြစ်လာအောင် လံ့ှုဆော်ခြင်း တိုက်တွန်းခြင်းနဲ့ ထိုက်သင့်လျောက်ပတ်တဲ့ ထောက်ပံ့ခြင်းလည်း ပြုလုပ်ကြမှာဖြစ်ပါတယ်။ ငြိမ်းချမ်းစွာလှုံ့ဆော်သူကို မည်သူမဆို နိုငိငံတော်လုံခြုံရေးပျက်ပြားအောင်လုပ်သူများ ဖြားယောင်းသုူ များအနေနဲ့ အရေးယူမှာက တရားမ ျှတမှုမရှိတာ သုံးသပ်တွေ့ရပါတယ်။ ပြည်သူတွေရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေ ကန့်သတ်တာဟာ မည်သည့်နည်းနဲ့မှ မဖြစ်သင့်ပါဘူး"

ဒီလို ပြင်ဆင်ပြီးတဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကို ပေးပို့ရဦးမှာ ဖြစ်ပြီး ပြည်သူ့လွှတ်တော်နဲ့ သဘောထား ကွဲလွဲရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒီဥပဒေကြောင့် ဒီမိုကရေစီ စနစ်ကို ထိခိုက်နိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ဒေါ်ညိုညိုသင်းက ထောက်ပြ ပြောဆိုပါတယ်။

"ကိုယ့်ရဲ့ ဦးဆောင်ပါတီရဲ့ နိုင်ငံရေးပုံရိပ်ကို ကျဆင်းစေတဲ့ ၊ ကိုယ့်ပါတီ နိုင်ငံရေးရပ်တည်ချက်နဲ့လည်း ဆန့်ကျင်တယ်ပေါ့နော် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေနဲ့လည်း ဆန့်ကျင်တဲ့ ဒီလိုဆုံးဖြတ်ချက်မျိုးကို အတည်ဖြစ်သွားတာကို အန်တီတို့ အရမ်းအံ့သြတယ်။ ပြည်သူလူထုအတွက်ရော မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နောင်ရေးအတွက်ရော တော်တော်လေးကို စိုးရိမ်တယ်ပေါ့နော်။"

ဒီဥပဒေကြမ်းကို အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အမတ်ဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးက ဖေဖော်ဝါရီ ၁၉ရက်က အမျိုးသားလွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ရပ်ရွာ အေးချမ်းသာယာရေး အတွက် ဆိုတဲ့ ခေါင်းစဉ်နဲ့ အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေဟာ အရင်သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ်တုန်းက ရေးဆွဲခဲ့တာဖြစ်ပြီး လူ့အခွင့်အရေး စံချိန်တွေနဲ့ မကိုက်တာကြောင့် အဲဒီတုန်းကတည်းက ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါကို NLD အစိုးရလက်ထက် ၂၀၁၆ အောက်တိုဘာမှာ ပြန်လည် ပြင်ဆင်ရေးဆွဲ ပြဌာန်းခဲ့ပြီး တည်ဆဲဥပဒေ အနေနဲ့ ကျင့်သုံး နေတာ ၂နှစ် မပြည့်ခင် အခုတခါ ဒုတိယအကြိမ်မြောက် ပြန်လည် ပြင်ဆင်ဖို့ တင်ပြလာခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG