သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်း


၅လပိုင်း ၂ ရက်နေ့ အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး (MOI)

ရခိုင်ပြည်နယ်တွင်း ရခိုင်တပ်မတော် AA နဲ့ မြန်မာစစ်တပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်စဲဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ အရေးတကြီးအဆိုတင်သွင်းပါတယ်။

တချိန်တည်းမှာပဲ ပြည်သူ့လွှတ်တော်ဘက်မှာလည်း ဒီစစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ထောင်ချီတဲ့ စစ်ပြေးဒုက္ခသည်တွေအရေး အဆိုတင်ဖို့ပြင်ဆင်နေပါတယ်။ ရခိုင်ပြည်နယ် လွှတ်တော်ဘက်မှာလည်း ဒီစစ်ရေးပြဿနာဖြေရှင်းနိုင်ရေး အရေးပေါ်အစည်းအဝေးခေါ်ဆိုဖို့ စီစဉ်နေပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြပေးပါမယ်။

ဒီကနေ့ မေလ (၂)ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေ ပြန်လည် စတင်ချိန်မှာပဲ အမျိုးသားလွှတ်တော်မှာ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲတွေ အမြန်ဆုံး ရပ်စဲဖို့အရေး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်က အရေးတကြီးအဆို တင်သွင်းခဲ့ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပြပါတယ်။

“မဲဆန္ဒနယ် အမှတ် ၁ ပေါ့နော် အဲဒီက စစ်တွေမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က အဆိုတင်သွင်းတာပါ။ သူကတော့ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်တပ်မတော် AA နဲ့ မြန်မာတပ်မတော်တို့ကြားမှာ တိုက်ပွဲတွေကို ရပ်ဆိုင်းဖို့နောက် ငြိမ်းချမ်းရေးစားပွဲပေါ်ကို ရောက်ရှိအောင်ဆောင်ရွက်ကြဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုဖြစ်ပါတယ်ခင်ဗျ။ အဲဒါကို ဒီနေ့အမျိုးသားလွှတ်တော်မှာတော့ ဆွေးနွေးဖို့ဆိုပြီးတော့ မဲခွဲပြီးဆုံးဖြတ်တယ်။”

အခုလိုမျိုး ရခိုင်ပြည်နယ်အရေး အမျိုးသားလွှတ်တော်မှာ တင်သွင်းသလို ပြည်သူ့လွှတ်တော်မှာလည်း ဆွေးနွေးကြဖို့ရှိတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“ပြည်သူ့လွှတ်တော်ဘက်မှာလည်း ဒီကိစ္စကို အဆိုတင်ဖို့ ကျနော်တို့ဘက်ကတော့ တိုင်ပင်ညှိနှိုင်းနေစဲဖြစ်ပါတယ်။ ညနေပိုင်းမှာ ကျနော်တို့ညှိပြီးတော့ အဲဒါတွေကို ဆွေးနွေးမှာပါ။ ဦးဝေစိန်အောင်ရဲ့အဆိုကတော့ တိုက်ပွဲရပ်စဲပြီးတော့ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ခေါ်ဖို့ဆိုတဲ့အဆိုကို အလေးထားပြီးတော့ အဆိုတင်သွင်းတာဖြစ်ပါတယ်။ ကျနော်တို့ဘက်မှာတော့ တကယ်လိုအပ်နေတာတော့ အခုစစ်ရှောင် ဒုက္ခသည်တွေ သူတို့အတွက် ပြည်နယ်အစိုးရရော၊ ပြည်ထောင်စုအစိုးရရော ဒီကနေ့အထိ ထိထိရောက်ရောက်ဘာမှ ကူညီမပေးသေးပါဘူး။ အဲဒီ အပေါ်မှာ တိုက်တွန်းမယ့်အဆို ဖြစ်ဖို့များပါတယ်ခင်ဗျ။ ကျနော်တို့ အဆိုတင်ဖြစ်ရင်တော့ အဲဒီအကြောင်းကို ဦးထိပ်ထားပြီးတော့ ဦးစားပေးပြီးတော့ ဆောင်ရွက်မှာပါ။”

အဓိကကတော့ စစ်ရေးတင်းမာမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်အရေး ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရဘက်က အရေးတကြီးကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုမှာဖြစ်တယ်လို့ ဦးဖေသန်းကပြောပါတယ်။

“တိုက်ပွဲဖြစ်နေတဲ့ဒေသတွေပေါ့နော် ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျော်တော် အဲဒီဒေသတွေမှာ စစ်ရှောင်ဒုက္ခသည်တွေက ပြောရရင် ၂၀၀၀ခန့်လောက်ရောက်နေပါပြီ။ ဒီလူတွေအတွက် အခုလောလောဆယ် စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး၊ ကျန်းမာရေးကအစပေါ့နော် ရှေ့ မိုးရာသီရောက်တော့မယ်ဆိုတော့ အဲဒီ နေရေး၊ ထိုင်ရေး အကုန်လုံးမှာ ပြဿနာရှိနေပါတယ်။ ဒါပေမယ့် ဒီနေ့အထိ ပြည်နယ်အစိုးရရော၊ ပြည်ထောင်စုအစိုးရရော ဘာမှ ကူညီပေးတာ မတွေ့ရသေးပါဘူး။ အဲဒါကြောင့် ကျနော်တို့ အားမလိုအားမရဖြစ်ပါတယ်။

ဒီကိစ္စတွေက မကြာခင်ပဲ ဒီထက် စစ်ပွဲအရှိန်အဟုန်က ကြီးလာမယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်။ အဲဒါကြောင့် ဒုက္ခသည် တွေလည်း ပိုပြီးတော့ များလာနိုင်ပါတယ်။ အဲဒီအပေါ်မှာ နိုင်ငံတော်အစိုးရကနေပြီးတော့ ထဲထဲဝင်ဝင် ကူညီဖို့ ကျနော်တို့ ဘက်လိုလားနေပါတယ်။ အဲဒါကြောင့်လည်း ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တဲ့ ကျနော်တို့ ပြည်သူ့ကိုယ်စားလှယ်တွေဘက်က တင်ပြနေရတာဖြစ်ပါတယ်။"

အခုလိုမျိုး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နှစ်ရပ်စလုံးမှာ ရခိုင်အရေး အရေးတကြီးအဆိုတွေတင်သွင်းဆွေးနွေးဖို့ပြင်ဆင်နေသလို ရခိုင်ပြည်နယ်က ပြည်နယ်လွှတ်တော်မှာလည်း ရခိုင်စစ်ရေးနဲ့ပတ်သက်ပြီး အရေးပေါ် ဆွေးနွေးကြဖို့ စီစဉ်နေတဲ့အကြောင်း ဘူးသီးတောင်မြို့နယ်က ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

“ကျနော်တို့ ၉ ရက်နေ့ အရေးပေါ် အစည်းအဝေး ဆိုပြီး ကျနော်တို့ိကို အကြောင်းကြားတာ ရှိပါတယ်။ အဲ့ဒီ့တော့ ၉ရက်နေ့ မတိုင်ခင် ကျနော်တို့ ၇ရက်နေ့မှာ အကြောင်းကြားရမှာဖြစ်ပါတယ်။ ဒီမှာဖြစ်နေတဲ့ ကိစ္စတွေကို ဆွေးနွေးပြီးတော့ ကျနော်တို့ ပြည်နယ်လွှတ်တော်မှာလည်း အဆိုတခု တင်ဖြစ်မှာဖြစ်ပါတယ်။ ပြည်နယ်လွှတ်တော်မှာလေ မေလ ၉ရက်နေ့မှာ။"

အခုလက်ရှိအခြေအနေမှာတော့ စစ်ဘေးဒုက္ခသည်တွေဟာ အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်နေရတဲ့အတွက် သက်ဆိုင်တဲ့တာဝန်ရှိသူတွေ အမြန်ဆုံးဖြေရှင်းပေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်ဘက်က အရေးတကြီးဆွေးနွေးမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းကပြောပါတယ်။

“ဧပြီလ ၁၆ရက်နေ့က စပြီးတော့ ဖြစ်တဲ့ တိုက်ပွဲတွေက စပြီးတော့ စစ်ရှောင်ဒုက္ခသည်တွေ စပြီးတော့ ရောက်ရှိလာကြတာဖြစ်ပါတယ်။ ကျနော်တို့ ကိုယ်တိုင်သွားပြီးတော့ ဒီစစ်ရှောင်ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ကျနော်တို့ မေးမြန်းခဲ့တယ်။ မေးမြန်းပြီးတော့ သူတို့ရဲ့လိုအပ်ချက်ကို သက်ဆိုင်ရာ အဖွဲ့အစည်းကို အကူညီတောင်းပါတယ်။ လောလောဆယ်မှာ ဒုက္ခသည်တွေရဲ့ ဝမ်းရေး ဖြေရှင်းပေးဖို့အတွက်ကို ကျနော်တို့ ဆောင်ရွက်ထားပါတယ်။"

ရခိုင်ပြည်နယ်တွင်းက ရခိုင်တပ်မတော် AA နဲ့ မြန်မာတပ်မတော်တို့ကြား ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က စတင်ပြီး ရင်ဆိုင်တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်ပွား ခဲ့လို့ နှစ်ဘက်အကျအဆုံးများခဲ့ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ထောင်ချီတဲ့ ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရပြီး စားဝတ်နေရေးအခက်အခဲများစွာနဲ့ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ သူတို့အတွက် ယာယီဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ပေးထားပြီး လိုအပ်ချက်တွေကို ဒေသခံပြည်သူတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေဘက်က လတ်တလောဖြေရှင်းပေးနေပါတယ်။

XS
SM
MD
LG