အာဖရိကနိုင်ငံတခုဖြစ်တဲ့ မာလီိနိုင်ငံမှာ အစ္စလာမ်စစ်သွေးကြွတွေကို ပြင်သစ်အစိုးရတပ်တွေက ကူညီတိုက်ခိုက်ခဲ့တာ သီတင်း ၃ ပတ်ကြာချိန်မှာ ပြင်သစ်သမ္မတ Francois Hollande မာလီနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ မာလီနိုင်ငံမြောက်ပိုင်းက စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ပြင်သစ်တပ်ဖွဲ့တွေ နေရာမှာ အာဖရိကတပ်ဖွဲ့တွေက အစားထိုးနေရာယူဖို့ မစ္စတာ Hollande က တိုက်တွန်းပြောဆိုဖို့ လာတာဖြစ်ပါတယ်။
သမ္မတ Hollande နဲ့အတူ ကာကွယ်ရေးနဲ့ ဖွံ့ဖြိုးရေးဝန်ကြီး တွေလည်း လိုက်ပါလာပြီး အလယ်ပိုင်းမြို့ Sevare ကနေ ပြဿနာဖြစ်နေတဲ့ မြောက်ပိုင်းဒေသ က မီလန် ရှေးဟောင်း မြို့တော် Timbuktu ကို သွားရောက်မှာဖြစ်ပါတယ်။ သမ္မတ Hollande ဟာ ပြင်သစ်လက်အောက်ခံ ကိုလိုနီဒေသမှာ ပါခဲ့တဲ့ မာလီမြို့တော် Bamako ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
ပြင်သစ်တပ်ဖွဲ့တွေက အစ္စလာမ်သူပုန်တပ်တွေလက်ကနေ Timbuktu မြို့ကို တနင်္ဂနွေနေ့က ပြန်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်သွေးကြွတပ်တွေက ပြီးခဲ့တဲ့ ၁၀ လ အတွင်း မာလီမြောက်ပိုင်းတလျှောက်၊ တခြားမြို့တွေကိုလည်း သိမ်းယူခဲ့ပါတယ်။ အစ္စလာမ် စစ်သွေးကြွတွေ ခြေကုပ်ယူထားခဲ့တဲ့ နောက်ဆုံးနဲ့ အဓိကမြို့ ဖြစ်တဲ့ Kidal မြို့ကို ပြင်သစ်ကျောထောက်နောက်ခံ ပေးထားတဲ့ မာလီတပ်တွေ ပြန်သိမ်းပိုက်ပြီးတဲ့နောက် စနေနေ့မှာ ခုလို ပြင်သစ်သမ္မတက မာလီနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပါတယ်။