သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အထောက်အထား Holocaust ပြတိုက်အဖွဲ့ တွေ့ရှိ


ဘင်္ဂလားဒက်ရှ်ဘက်ကို ဖြစ်သလိုလုပ်ထားတဲ့လှေနဲ့ကူးလာကြသူ ရိုဟင်ဂျာတွေ နယ်ခြားစောင့်အဖွဲ့ဆီက ဝင်ခွင့်စောင့်ဆိုင်းနေစဉ်။ (၀၉-၁၁-၁၇)
ဘင်္ဂလားဒက်ရှ်ဘက်ကို ဖြစ်သလိုလုပ်ထားတဲ့လှေနဲ့ကူးလာကြသူ ရိုဟင်ဂျာတွေ နယ်ခြားစောင့်အဖွဲ့ဆီက ဝင်ခွင့်စောင့်ဆိုင်းနေစဉ်။ (၀၉-၁၁-၁၇)

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် မျိုးတုံးသတ်ဖြတ်မှု အထောက်အထားတွေ အများအပြားရှိတယ်လို့ အမေရိကန်ပြည်ထောင်စု၊ Holocaust ခေါ် နာဇီတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှု အထိမ်းအမှတ်ပြတိုက်နဲ့ Fortify Rights လူ့အခွင့်အရေးအဖွဲ့တို့က ထုတ်ပြန်တဲ့ အစီရင် ခံစာသစ်တစောင်မှာ ဖော်ပြလိုက်ပါတယ်။ မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေ၊ အရပ်သားတွေ၊ စစ်သွေးကြွတွေ ပြုလုပ်နေတဲ့ ရက်စက်ကြမ်းကြုတ် မှုကို ရပ်တန့်ဖို့နဲ့ ကျူးလွန်သူတွေကို အပြစ်ပေးဖို့ မြန်မာအစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်ရေး ပြစ်ဒဏ် ချမှတ်မှု ဆောင်ရွက်ရေးတို့အတွက် ဘုံ မဟာ ဗျူဟာ တရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒီအစီရင်ခံစာဟာ Fortify Rights နဲ့ Holocaust ပြတိုက် တို့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒက်ရှ်တို့မှာ တနှစ်ကြာ အခြေစိုက်ပြီး လေ့လာရေးဆွဲခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၉ ရက်ကနေ ဒီဇင်ဘာ အထိနဲ့ သြဂုတ်လ ၂၅ ရက်နေ့ကနေ ဒီကနေ့အထိ မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့၊ အရပ်သားတို့ဟာ ရိုဟင်ဂျာအရပ်သားတွေအပေါ် ကျယ်ကျယ် ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်ခဲ့ကြတဲ့အထောက်အထားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်သားတွေနဲ့အရပ်သားတွေဟာ မွေးကင်းစ ကလေးသူငယ်တွေအပါအဝင် ရိုဟင်ဂျာတွေကို လည်ပင်းကိုလှီး၊ အရှင်လတ်လတ်မီးရှို့၊ မသေမချင်းရိုက်နှက်၊ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အုပ်စုလိုက် မုဒိန်းကျင့်တာတွေအပြင် အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အမျိုးသား၊ အမျိုးသမီးနဲ့ကလေးငယ်တွေကို အနီးကပ်ရော၊ အဝေးကပါ ပစ်ခတ်တဲ့အတွက် အရေအတွက်မဖော်ပြနိုင်တဲ့လူတွေ သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်ဦးဆောင်တဲ့ ရိုဟင်ဂျာအရပ်သားတွေအပေါ် စော်ကားတိုက်ခိုက်မှုအပေါ် ရိုဟင်ဂျာစစ်သွေးကြွ ARSA တို့ရဲ့ လက်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ARSA အဖွဲ့တွေဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာအစိုးရဟာ ရိုဟင်ဂျာတို့ရဲ့ လွတ်လပ်စွာသွားလာခွင့်၊ လက်ထပ်ခွင့်၊ ကလေးမီးဖွားခွင့်နဲ့ တခြား နေ့တဓူဝလုပ်ငန်းတွေကို ဆယ်စုနှစ်နဲ့ ချီပြီး အတင်းအဓမ္မ ချုပ်ခြယ်ထားခဲ့ပြီး သူတို့ကို မြန်မာနိုင်ငံသားပေးဖို့လည်း ဥပဒေအရ ငြင်းဆန်ထားတယ်လို့ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာထဲမှာ မြန်မာအစိုးရ လုပ်ဆောင်ရမယ့်ကိစ္စတွေကို ထောက်ခံတင်ပြထားသလို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တာဝန်ရှိသူတွေကို ပစ်မှတ်ထား ဒဏ်ခတ်ဖို့၊ မြန်မာနိုင်ငံကို လက်နက်ရောင်းချခြင်းမပြုဖို့၊ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာခုံရုံးကို လွှဲပေးဖို့လည်း တောင်းဆိုထားပါတယ်။

XS
SM
MD
LG