သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးကျော်ဆို ထင်သလိုနှိပ်ကွပ်


မြန်မာနိုင်ငံ ဒေသတချို့မှာ အာဏာရှိသူတွေဟာ သူတို့အကျိုးစီးပွားအတွက် ကျူးကျော်ရပ်ကွက်တချို့ကို နိုင့်ထက်စီးမင်း ဖျက်ဆီးနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ မနေ့ညက ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်အတွင်းက စံသမာဓိရပ်ကွက်ကို လူတချို့က ဝင်ရောက် ဖျက်ဆီး တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့သလို၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဝါးဒက်ကွင်း ရပ်ကွက်မှာဆိုရင် အိမ်ခြေပေါင်း ၆၀၀ ကျော်ကို အာဏာပိုင်တွေက မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း ဆင်ပြပေးထားပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ စံသမာဓိရပ်ကွက်မှာရှိတဲ့ ကျူးကျော်အိမ်ယာတွေကို ဖေဖော်ဝါရီလ ၆ ရက်၊ စနေနေ့က လူအင်အားသုံးပြီး အဓမ္မ ဖျက်ဆီးပစ်ဖို့ ကြိုးစားခဲ့တယ်လို့ ဒေသခံတဦးဖြစ်သူ မခင်မာချိုက ဗွီအိုအေကို ပြောပါတယ်။

“သူတို့က မနက်က လူ အယောက် ၅၀ လောက်တော့ရှိမယ်၊ သူတို့တွေ ဝင်လာတာလေ။ အဲဒီမှာ အုတ်တံတိုင်းခတ်ဖို့ လုပ်တယ်။ အုတ်တံတိုင်းခတ်ဖို့လုပ်တာကို ကျမတို့တတွေက အခတ်မခံဘူးလေ။ အခတ်မခံတော့ တခါ သူတို့တွေက သွပ်ကာဖို့တခါ လုပ်ပြန်ရော။ သွပ်ကာဖို့ လုပ်တဲ့အခါကျတော့ ကျမတို့က ကျမတို့က အကာမခံဘူး။”

သူတို့ရဲ့ အိမ်တွေကို ဖျက်ဆီးပစ်ပြီး တံတိုင်းခတ်နိုင်ဖို့ စနေနေ့က တနေကုန် ကြိုးစားခဲ့တာမှာ ညနေပိုင်းမှာတော့ ဒေသခံတွေနဲ့ လာရောက်ဖယ်ရှားကြတဲ့သူတွေအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်သွားခဲ့တဲ့ အခြေအနေတွေကို မခင်မာချိုက အခုလို ဆက်ရှင်းပြပါတယ်။

“ညနေစောင်းလဲကျရော၊ မိုးလေးနဲနဲ မှောင်စပျိုးချိန်မှာ သူတို့တွေက လူအယောက် ၁၅၀ - ၂၀၀ လောက်တော့ ရှိမယ်ထင်တယ်၊ မှောင်မှောင်မဲမဲဆိုတော့ အတော် လူများတယ်လို့တော့ထင်တယ်။ အဲဒီလို လာပြီးတော့ သူတို့က တုတ်တွေနဲ့၊ လောက်လေးခွတွေနဲ့ ၊ သူတို့တွေမှာ အဲဒီလောက် ပါလိမ့်မယ်လို့ မထင်ဘူးလေ။ ကျမတို့ ဒီကနေပြီးတော့ ဟာ ဒီလူအုပ်က ဘာလုပ်တာလဲ မသိဘူးဆိုပြီးတော့ လာဟေ့၊ သွားကြမယ်ဟေ့၊ ကြည့်ကြမယ်လုပ်နေတာ၊ သူတို့တွေက ဝင်လာပြီးတော့ ရိုက်ဟေ့၊ ချဟေ့နဲ့ တခါထဲနဲ့ အဲဒီလိုမျိုး လောက်လေးခွတွေနဲ့ ခဲတွေ၊ အုတ်နီခဲတွေနဲ့ ပေါက်တယ်၊ သံလုံးတွေနဲ့ ပစ်တယ်။ သူတို့က အဲဒီလိုမျိုး ပစ်တဲ့အခါကျတော့ ဒီကလူတွေကို ထိတာပေါ့။ နောက်တော့ သူတို့အထဲက ၂ ယောက်ကို ဖမ်းမိလိုက်တယ်။ ဖမ်းမိလိုက်တယ် ဆိုတော့ကာ အဲဒီ ၂ ယောက်ကို မေးကြည့်တော့ သူတို့က ခဏလေး လိုက်ခဲ့၊ ဒီမှာ အလုပ်ရှိတယ်ဆိုပြီးတော့ တနေ့ကို (ကျပ်) ၅,၀၀၀ ရတယ်တဲ့။ အဲဒီမှာ သူတို့တွေက ရဲတွေပါ ပါဝင်ပြီးတော့၊ ဝင်ပြီးတော့ ရိုက်တယ်ဆိုတာကို ကျမတို့က ယူဆလို့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အင်္ကျီထုပ်တွေ ပြုတ်ကျကျန်ခဲ့တယ်။”

မေး။ ။ ဆိုတော့ အမတို့ ဘယ်လို သိထားသလဲ၊ အခုလာပြီးတော့ ပြောနေတဲ့သူတွေဟာ ကုမ္ပဏီတွေလား၊ စစ်တပ်လား၊ ရဲလား ဘယ်သူတွေလဲ ခင်ဗျ။

ဖြေ။ “သူတို့က အမျိုးမျိုး ပြောနေကြတယ်။ အစတုန်းကတော့ သူတို့က စစ်တပ်ပိုင်လို့ ပြောတယ်။ အဲဒါပြီးရင် ပြည်သူပိုင်လဲ ပြောတယ်။ အဲဒါပြီးလို့ရှိရင် ဦးပိုင်လို့လဲ ပြောတယ်။ အမျိုးမျိုးတွေ ပြောပြီးတော့ ခြံစည်းရိုးတွေကာတယ်၊ ဆိုင်းဘုတ်တွေ တပ်တယ်။ အမျိုးမျိုးတွေ လုပ်ကြတယ် သူတို့။”

မခင်မာချိုရဲ့ ဇာတိဟာ မြစ်ဝကျွန်းပေါ်က ဖြစ်ပေမယ့် ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကြောင့် မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ အားလုံး ပျက်ဆီး ဆုံးရှုံးသွားပြီးတဲ့နောက် ဘဝပြန်လည်ထူထောင်ဖို့ ရန်ကုန်မြို့ကို ပြောင်းလာရာက အခု ဒီ စံသမာဓိ ရပ်ကွက်ကို ရောက်လာသူ ဖြစ်ပါတယ်။

ဒီ စံသမာဓိရပ်ကွက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်တုန်းက မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် စက်မှုဇုံအနီး ဘူဒိုဇာတွေနဲ့ ဝင်ရောက် ဖျက်ဆီးခံခဲ့ရတဲ့ နေရာဖြစ်ပါတယ်။

အာဏာပိုင်တွေဖက်က ဒီနေရာကို ဖယ်ရှင်းပစ်ဖို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကြိုးပမ်းနေခဲ့တာဖြစ်ပေမယ့် အခုချိန်ထိ မအောင်မြင်သေးပဲ အခု အစိုးရသက်တမ်း ကုန်ခါနီးမှာ သူတို့ကို ဖယ်ရှားပစ်ဖို့ အရှိန်မြင့် လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝါးဒက်ကွင်း ရပ်ကွက်က အိမ်ခြေပေါင်း ၆၅၀ ကိုလည်း ရာအိမ်မှူးက ဦးဆောင်ပြီး မီးရှို့ ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့နဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တို့မှာ အဲဒီ မီးရှို့ ဖျက်ဆီးမှုတွေ ဖြစ်သွားခဲ့တာလို့ ဒေသခံ ကျေးရွာသားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကိုလှိုင်မျိုးက ပြောပါတယ်။

“ဒီ လက်ရှိအခင်းဖြစ်သွားတဲ့ မြေသည် စစ်တောင်းစက္ကူစက်ရုံရဲ့ ၊ စက်ရုံမြေပေါ့ဗျာ။ စစ်တောင်းစက္ကူစက်ရုံက အရှုံးပေါ်လို့ဆိုပြီး အဲဒီမြေတွေကို နိုင်ငံတော်ကနေ ပလပ်ပေးလိုက်တယ်။ မွန်ပြည်နယ် ဝန်ကြီးက အဲဒီမြေကို မရှိဆင်းရဲသားတွေအတွက်၊ ဆင်းရဲမွေတေမှု တိုက်ဖျက်ရေးခေါင်းစဉ်အောက်ကနေ မရှိဆင်းရဲသားတွေ နေထိုင်ဖို့ဆိုပြီးတော့ အဲဒီ မြေကွက်ကို ချပေးတယ်။ ဒါပေမယ့် ရပ်ကွက် ရာအိမ်မှူးနဲ့ တခြားလူတွေကပေါင်းပြီးတော့ အဲဒီမြေကွက်တွေကို ရောင်းစားတာတွေလည်း ရှိတယ်။ အဲဒီလို ရောင်းစားဖို့အတွက်ကို သူတို့က ဘာထပ်လုပ်ရသလဲဆိုတော့ မရှိဆင်းရဲသားတွေကို ခေါ်လာပြီးတော့ သူတို့က အဲဒီမှာ နေခိုင်းတယ်။ တကယ် သတင်းက အဲဒီလို ပြန့်လာပြီဆိုတော့ မရှိတဲ့သူတွေက သြော် ငါတို့ကို ဒီမှာလာနေထိုင်းတာပဲဆိုပြီးတော့ ၊ လာနေလို့ရတယ်ဆိုတဲ့ အသိနဲ့ သူတို့က လာနေကြတယ်။ ပြီးတော့မှ အရောင်းအဝယ်လုပ်တဲ့ဟာတွေကလည်း ရှိကြတယ်။ အဲဒီမှာ ဇာတ်လမ်းက ရှုပ်ကုန်တာ။ ရှုပ်ကုန်တော့ အဲဒီ ရပ်ကွက်ရာအိမ်မှူးက ဘာလုပ်သလဲဆိုတော့ - သူက ရက်တွေကအများကြီးပဲဗျ၊ ၃၀ ရက်နေ့ကလည်း အဲဒီ အိမ်ခြေ (၃၀) လောက်ကို ဝင်ပြီးတော့ ဒါးတွေနဲ့ခုတ်၊ မီးတွေရှို့ပြီးတော့ ဖျက်သွားတယ်။ ၂ ရက်နေ့က ညကျမှ သူတို့က အဲဒီမှာ အိမ်ခြေ (၆၅၀) အကုန်လုံးကို မီးဝင်ရှို့တာ။ အဲဒီလို မီးဝင်ရှို့တဲ့အချိန်မှာ နယ်ထိန်းပေါ့နော်၊ မြင်တဲ့သူတွေကလည်း မြင်တာပေါ့။”

ဝါးဒက်ကွင်း ကျေးရွာသားတွေကလည်း သူတို့ ကြုံတွေ့ ခံစားခဲ့ရတဲ့ အခြေအနေတွေကို အခုလို ပြောပြကြပါတယ်။

“(ရွာသားများ) ကလေးတွေလည်း ကဲသေကြဆိုပြီး မီးနဲ့ရှို့ခဲ့တာ သူတို့အဖွဲ့က။ မိန်းမတွေ၊ ကလေးတွေ၊ အဖွားကြီးတွေ အကုန်သတ်တဲ့။ ရိုက်နက် သတ်ဖြတ်ကြတာ။ အခု အဖွားကြီးတယောက်ဆို ကျနော်တို့သွားတာတောင် - ငါ့သားတို့ရယ်၊ အမေ့ကို မဖမ်းပါနဲ့ - အမေ့ကို မဖမ်းပါနဲ့ဆိုပြီး၊ အခုထိရှိတယ်။ လိုက်ပြဆိုလည်း လိုက်ပြလို့ရတယ်။ ၈ နာရီ ၂၀ ကနေ ညနေ ၄ နာရီထိုးမှ ပြီးသွားတယ်၊ အိမ်ခြေ ၆၀၀ ကျော်ကို မီးရှို့ ပစ်ခဲ့တာ။”

သူတို့ရဲ့ အိမ်တွေကို မီးရှို့ ဖျက်ဆီးခံလိုက်ရပေမယ့်လည်း သက်ဆိုင်ရာ အာဏာပိုင်တွေထံ မတိုင်ရဲပဲ ဖြစ်နေတဲ့ အခြေအနေတွေကိုလည်း ရွာသားတွေက အခုလို ဆက်ရှင်းပြကြပါတယ်။

“(ရွာသားများ) ရဲစခန်းမှာ အမှုဖွင့်ဖို့ဆိုတာကတော့ ဆွဲမှာကြောက်လို့ ကျနော်တို့ မသွားရဲဘူး။ ရဲတပ်ဖွဲ့ပါပါလို့ ရဲက အသိအမှတ်မပြုဘူး။ စခန်းမှူးကိုယ်တိုင်ပါပြီး လက်ထိပ်ခတ်သွားလို့ ရဲလို့ သိရတာ။ ရဲတွေလာတာကိုလည်း ကားတွေ အမျောက်အမြားနဲ့ လူတိုင်းက မြင်တယ်။”

ဝါးဒက်ကွင်း ကျေးရွာသားတွေဟာ သူတို့ ကြုံတွေ့ ခံစားခဲ့ရတဲ့ အခြေအနေတွေကို ဒီကနေ့ သတင်းမီဒီယာတွေကို ဖိတ်ခေါ်ပြီး ရှင်းလင်း တင်ပြသွားမယ်လို့ ပြောပါတယ်။

XS
SM
MD
LG