သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်လူထုကြား ဆန္ဒခံယူမှု ဖျက်သိမ်း


ယာယီတဲတွေထိုးပြီး စခန်းချ ဆန္ဒပြနေတဲ့ ဟောင်ကောင်ပြည်သူများ။ (အောက်တိုဘာ ၂၆၊ ၂၀၁၄)
ယာယီတဲတွေထိုးပြီး စခန်းချ ဆန္ဒပြနေတဲ့ ဟောင်ကောင်ပြည်သူများ။ (အောက်တိုဘာ ၂၆၊ ၂၀၁၄)

ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေအကြား သဘောထားကွဲလွဲမှုတွေရှိနေတာကြောင့် လှုံ့ဆော်စည်းရုံးသူတွေက နောက်တဆင့် ဆက်လုပ်မယ့် လှုပ်ရှားမှုအတွက် ဆန္ဒခံယူပွဲကျင်းပဖို့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။

တနင်္ဂနွေနေ့နှောင်းပိုင်းမှာ စတင်ကျင်းပဖို့ စီစဉ်ထားတာမတိုင်ခင် နာရီပိုင်းအလိုမှာ ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ ဒီဆန္ဒခံယူပွဲက ထိရောက် လေးနက်မှုရှိပါ့မလားဆိုတဲ့အချက်နဲ့ မဲမပေးခင်မှာ ဆန္ဒပြမှုမှာပါဝင်သူတွေကို သေသေချာချာ ညှိနှိုင်းဆွေးနွေးမှု မရှိခဲ့တဲ့အချက်တွေပေါ်မှာ သဘောကွဲလွဲခဲ့ကြတာဖြစ်တယ်လို့ စည်းရုံးလှုပ်ရှားသူတွေက ပြောပါတယ်။

ဟောင်ကောင်ရဲ့ ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေကို တရုတ်အစိုးရကနေ ရွေးချယ်ပေးရမယ် ဆိုတဲ့ကိစ္စအပေါ် ဆန္ဒပြသူတွေနဲ့ ဟောင်ကောင် အစိုးရတို့အကြား ဆွေးနွေးခဲ့ကြပေမယ့် လိုက်လျောမှု မရခဲ့တဲ့နောက် အခုလို ဆန္ဒခံယူဖို့ ကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဆန္ဒပြခေါင်းဆောင်တွေနဲ့ ဆွေးနွေးအပြီး ဟောင်ကောင်အစိုးရက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို ပုံမှန် ဆက်လက် ညှိနှိုင်းဆွေးနွေးဖို့ သဘောတူခဲ့ပေမဲ့ ဆန္ဒပြသူတွေဘက်က လူစည်ကားရာလမ်းမကြီးတွေကို ပိတ်ဆို့ထားရာကနေ ဖယ်ရှားပေးရမယ်ဆိုပြီး ခြွင်းချက် ကန့်သတ်ထားခဲ့ပါတယ်။

ဒီအချက်ကို ဆန္ဒပြခေါင်းဆောင်တွေက ပယ်ချခဲ့ပါတယ်။ တချို့ကတော့ ဆန္ဒခံယူပွဲဟာ အရေးပါတယ်၊ တလနီးပါး ရှိနေပြီဖြစ်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေ အားလုံးရဲ့ အသိအမှတ်ပြုမှုလိုအပ်တယ်လို့ ပြောဆိုကြပါတယ်။ အခုအချိန်ထိတော့ ဆန္ဒခံယူပွဲကို အချိန်ပြန်ပြီး သတ်မှတ်မှာလားဆိုတာ မသိရသေးပါဘူး။

XS
SM
MD
LG