သုံးရလွယ်ကူစေသည့် Link များ

ဟောင်ကောင်ကို မြန်မာအိမ်ကူတွေ စပို့ပြီ


မြန်မာအိမ်ဖော်တွေ ဟောင်ကောင်ကို စေလွှတ်တဲ့နေရာမှာ အလုပ်သမားပို့ဆောင်တဲ့ အေဂျင်စီကို အလုပ်သမားဝန်ကြီးဌာနက ခံဝန်ကတိ သဘောတူညီချက်တွေ ညှိနှိုင်းပြီးမှ စေလွှတ်လိုက်တာဖြစ်တယ်လို့
မြန်မာအလုပ်သမား ၀န်ကြီးဌာနဘက်က ပြောဆိုသလို၊ တကယ်လို့ ဟောင်ကောင်ကိုသွားတဲ့ အိမ်ဖော်တွေအနေနဲ့ အကူအညီ လိုမယ်ဆိုရင်လည်း နိုင်ငံခြားသား အိမ်ဖော်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်း Hong Kong Helpers အဖွဲ့အစည်းက ပြောပါတယ်။ အပြည့်အစုံကို မဆုမွန် က တင်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မြန်မာအိမ်ဖော်အလုပ်သမား ၁၉ ဦးကို ပထမဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံကနေ ဟောင်ကောင်ကို စေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဟောင်ကောင်ကို သွားရောက်လုပ်ကိုင်ကြမယ့် မြန်မာအလုပ်သမား
တွေအတွက် စိတ်ချလုံခြုံမှုရှိစေဖို့ မြန်မာအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေက ဟောင်ကောင်နိုင်ငံက ခေါ်ယူမယ့် အလုပ်သမားအေဂျင်စီကို ခေါ်ယူဆွေးနွေးပြီးမှ စေလွှတ်လိုက်တာ ဖြစ်တယ်လို့ နေပြည်တော်က အလုပ်သမားဝန်ကြီးဌာနရုံး အဖွဲ့မှူး ဦးမောင်မောင်ကျော်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ပထမဆုံး ဟောင်ကောင်ကိုလွှတ်မယ့် Golden Mind ကုမ္ပဏီကို ခေါ်ပြီးတော့ ၀န်ခံချက်တွေရယ်၊ ဆောင်ရွက်မယ့် အချက်အလက်တွေရယ်၊ သူ အားလုံး လုပ်ပြီးတော့မှ လောလောဆယ် ၁၉ ဦးထင်တယ် pass ပေးထားတာပါခင်ဗျ။ အဲ့ဒီအေဂျင်စီကလေ ပထမဆုံး ထူးထူးခြားခြား ခွင့်ပြုပြီးလို့ စေလွှတ်ရမှာဖြစ်တဲ့အတွက် သေချာ အသေးစိတ်ကို ခေါ်ပြီးတော့လေ DG က အဲ့ဒီ ကုမ္ပဏီ အသေးစိတ်ကိုခေါ်တယ်။ ဘယ်လို စောင့်ရှောက်ပေးရမယ်ဆိုတဲ့ဟာကို DG နဲ့တခါတည်း သူတို့ ခံဝန်တွေ ထိုးခိုင်းပြီးမှ လုပ်တာ။ ပြန်ပြီး ကျနော် မှတ်မိတယ်။ ဥပမာဆိုပါတော့ ၃ လလောက်အထိ လုပ်သားနဲ့ ဆက်သွယ်မှုရအောင် စီစဉ်ပေးမယ် ဆိုတဲ့အပိုင်းတွေပါ ပါပါတယ်။ စောင့်ရှောက်ဖို့၊ အဆက်အသွယ် အမြဲတမ်းလုပ်ဖို့၊ တခုခုဖြစ်ရင် တာဝန်ယူဖို့ ဘာညာကအစ တော်တော်လေး စုံစုံလင်လင်ကို ချုပ်ပြီးတော့မှ လောလောဆယ် ခွင့်ပြုထားတဲ့ အနေအထားပါ။”

ဟောင်ကောင်အခြေစိုက် Gloden Mind ကုမဏီကတဆင့် ခေါ်ယူထားတဲ့ မြန်မာနိုင်ငံကနေ နောက်ထပ် အိမ်အကူလုပ်သား ၃၀၀ ထပ်မံ ရောက်ရှိလာဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ပွင့်လင်း လွတ်လပ်ကာစ မြန်မာနိုင်ငံလို နိုင်ငံမျိုးကနေ ပြည်ပကို အလုပ်လာရောက်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေမှာ ဘာသာစကား အခက်အခဲရှိတဲ့အတွက် စိုးရိမ်စရာတော့ ရှိတယ်လို့ ဟောင်ကောင်အခြေစိုက် နိုင်ငံခြားသား အိမ်ဖော်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ Helpers Campaign က Meredith MC bride က ပြောပါတယ်။

“နိုင်ငံသစ်တစ်ခုကို သူတို့ရောက်လာတဲ့အခါမှာ လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။ ဘာသာစကား မကျွမ်းကျင်တာ၊ အထူးသဖြင့် အင်္ဂလိပ်လို လိတ်ပတ်လည်အောင် မပြောနိုင်တာ၊ နောက် ကန်တုံတရုတ်ဘာသာစကားကို မပြောနိုင်တာတွေက သူတို့အတွက် အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဒီနိုင်ငံမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်တာ၊ နောက် ရဲကို ဘယ်လို ဆက်သွယ်ရမလဲ ဆိုတာ မသိဘူးဆိုရင် ဒီအခြေအနေတွေကို သူတို့အပေါ်မှာ စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။”

ဟောင်ကောင်ကို အခုရောက်ရှိနေတဲ့ မြန်မာအိမ်ဖော်တွေအတွက် အခက်အခဲ မဖြစ်ရအောင် အေဂျင်စီက လိုအပ်တဲ့ သတင်းအချက်အလက်တွေကို မြန်မာဘာသာစကားနဲ့ ဖြန့်ဝေပေးထားတယ်လို့လည်း Meredith MC bride က ပြောပါတယ်။

“ကျမတို့လည်း တနင်္လာနေ့တုန်းကတော့ ရောက်လာကြတဲ့သူတွေကို ကျမတို့ထဲက အမျိုးသမီးတယောက် လေဆိပ်မှာ မနက် ၅ နာရီမှာ သွားကြိုပြီး မြန်မာလို သတင်း အချက်အလက်တွေ ရေးထားတဲ့ လက်ကမ်းစာစောင်တွေ ဝေပေးခဲ့ပါတယ်။ မြန်မာလို ကျွမ်းကျွမ်းကျင်ကျင် တတ်တဲ့သူကတဆင့် သတင်းအချက်အလက်တွေကို ကျမတို့ ဘာသာပြန်ခိုင်းခဲ့ပါတယ်။ သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ရေးပေးထားသလို အရေးအကြောင်းရှိလို့ အကူအညီလိုချင်ရင် ဆက်သွယ်လို့ရနိုင်မယ့် သူတို့ကိုခေါ်တဲ့ အေဂျင်စီတင်မကဘဲ NGO နဲ့ အစိုးရဌာနတွေရဲ့ ဖုန်းနံပါတ်ကိုလည်း ထည့်ပေးထားပါတယ်။ ဒီတော့ အနည်းဆုံးအဆင့်အနေနဲ့တော့ သတင်းအချက်အလက်တွေကို မြန်မာလို သူတို့ထံမှာ ရှိနေတာပေါ့။”

မြန်မာနိုင်ငံကနေ အလုပ်သမားတွေကို ပြည်ပကို စေလွှတ်တဲ့အခါမှာ ပေါ်ပေါက်လာတဲ့ အလုပ်သမားတွေရဲ့ အခက်အခဲ ပြဿနာတွေကိုလည်း သက်ဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာသံရုံး၊ ကောင်စစ်ဝန်ရုံးနဲ့ အလုပ်သမား သံအရာရှိတွေကနေ တဆင့် အမြန်ဆုံး ဖြေရှင်းပေးနေတယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနရုံး အဖွဲ့မှူးကလည်း ပြောပါတယ်။

“တာဝန်ခံပြီး စေလွှတ်တဲ့ အေဂျင်စီတွေ တာဝန်ခံ ၀န်ခံကတိလုပ်ခိုင်းပါတယ်။ နောက် သက်ဆိုင်ရာ ကျနော်တို့ labor attaché ရှိတဲ့ နိုင်ငံတွေဆိုရင်လည်း အဲ့ဒီ labor attaché တွေရဲ့ ထောက်ခံချက်နဲ့ပဲ သူတို့ထောက်ခံပေးတဲ့ demand letter ပေါ်မှာပဲ စေလွှတ်ပြီး လွှတ်ပေးတာပါ။ အေဂျင်စီအသင်းချုပ်က ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ အေဂျင်စီက ကိုယ်စားလှယ်သော်လည်းကောင်း၊ အေဂျင်စီက ပိုင်ရှင်ပေါ်သော်လည်းကောင်း တိုက်ရိုက် လိုက်ပြီးတော့ ရှင်းပေးနေတဲ့ ကိစ္စတွေလည်း ရှိပါတယ်ခင်ဗျ။ အဲ့ဒီလို ဆောင်ရွက်ပေးပါတယ်။”

ဟောင်ကောင်ကို သွားရောက်လုပ်ကိုင်ကြမယ့် မြန်မာအိမ်ဖော်တွေဟာ ရန်ကုန်မြို့မှာ အိမ်အကူလုပ်ငန်းနဲ့ ပတ်သက်ပြီး လုပ်ငန်းသဘောတရားကို သိရှိနားလည်အောင် ၃ လကြာ သင်တန်းပေးထားပြီးသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာအိမ်ဖော်တွေဟာ ဟောင်ကောင်ကို အလုပ်သွားရောက် လုပ်ကိုင်ခွင့်ရဖို့ တဦးကို ဟောင်ကောင်ဒေါ်လာ ၁ သောင်း ၆ ထောင် ပေးရမှာဖြစ်ပြီး သူတို့ဟာ အနည်းဆုံး ၂ နှစ်သက်တမ်း စာချုပ် ချုပ်ဆိုထားကြတယ်လို့လည်း ဟောင်ကောင်အခြေစိုက် အလုပ်သမား ရှာဖွေရေး အေဂျင်စီက ပြောပါတယ်။

ဟောင်ကောင်နိုင်ငံဟာ မကြာသေးခင်ကမှ အင်ဒိုနီးရှား အိမ်ဖော်တဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အတွက် အိမ်ဖော်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေချိန်မှာ အခုလို မြန်မာအိမ်ဖော်တွေကို ဟောင်ကောင်ကို ရာနဲ့ချီစေလွှတ်ဖို့ မြန်မာအလုပ်သမားဝန်ကြီးဌာနက စီစဉ်နေတာလည်း ဖြစ်ပါတယ်။ မြန်မာအိမ်ဖော်တွေအနေနဲ့ အများဆုံး သွားရောက် လုပ်ကိုင်တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ စင်္ကာပူနိုင်ငံတွေ ဖြစ်ပါတယ်။
XS
SM
MD
LG