သုံးရလွယ်ကူစေသည့် Link များ

အမိန့် ဖီဆန်တဲ့ ဟောင်ကောင် ဆန္ဒပြခေါင်းဆောင်တွေ ရဲဖမ်းဆီး


ဟောင်ကောင်ဆန္ဒပြသူတွေ ရဲဖမ်းဆီး၊ (ဒီဇင်ဘာ ၁၂၊ ၂၀၁၄)

ဟောင်ကောင် ဒီမိုကရေစီဆန္ဒပြမှုတွေမှာ အဓိက သပိတ်စခန်းကို အာဏာပိုင်တွေက ဒီကနေ့ ရှင်းလင်းရာမှာ၊ အဲဒီနေရာကနေ ဖယ်မပေးတဲ့ ဆန္ဒပြသူတွေကို ဟောင်ကောင်ရဲက ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ အစိုးရရုံးချုပ် အနီးအနားက ဟောင်ကောင်စီးပွားရေးရပ်ကွက်ဖြစ်တဲ့ Admiralty က ဆန္ဒပြ သပိတ်စခန်းကနေ ဖယ်ရှားပေးဖို့ ရဲက အမိန့်ပေးခဲ့ပေမယ့်၊ ဆန္ဒပြ ဆယ်ဂဏန်းလောက်က အမိန့်ကို အာခံပြီး အဲဒီမှာ ထိုင်သပိတ်ဆန္ဒပြခဲ့ကြတာပါ။

သပိတ်စခန်းက ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက နာရီအတန်ကြာ သတိပေးမှုတွေလုပ်ပြီးတဲ့နောက်၊ ရဲက ကျန်နေတဲ့ ဆန္ဒပြသူတွေကို တဦးချင်း ဖယ်ထုတ်နေပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ အတိုက်အခံ လွှတ်တော်အမတ် အချို့နဲ့ ကျောင်းသားခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။ အရေအတွက် ဘယ်လောက် ဖမ်းထားသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

ညပိုင်းမှာတော့ သပိတ်စခန်းတွင်းက လမ်းအတားအဆီးတွေ ယာယီတဲဖျင်တွေကို အာဏာပိုင်တွေက ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။ Causeway Bay မှာရှိတဲ့ ကျန်နေတဲ သပိတ်စခန်းငယ်တခုကိုလည်း မကြာခင် အလားတူ ရှင်းလင်းဖယ်ရှားမှုတွေ လုပ်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဟောင်ကောင်မြို့ရဲ့ စီးပွားရေးရပ်ကွက်ဖြစ်တဲ့ Admiralty က လမ်းတွေ ပြန်ဖွင့်နိုင်အောင် အထက်တရားရုံးအမိန့်နဲ့ အခုလို ဒီ သပိတ်စခန်းကို ရှင်းလင်းမှုတွေ လုပ်ခဲ့ကြတာပါ။အာဏာပိုင်တွေက ၀င်ရောက်ရှင်းလင်းချိန်မှာ ဆန္ဒပြသူအချို့ကတော့ မျက်ရည်တွေကျပြီး၊ အချို့ကတော့ သူတို့ပြန်လာကြမယ် ဆိုတဲ့ ဆိုင်းပုဒ်တွေ ကိုင်ဆောင်ထားကြပါတယ်။

အာဏာပို်င်တွေက အခု ၀င်ရောက်ရှင်းလင်းတဲ့ သပိတ်စခန်းဟာ "ထီးတော်လှန်ရေး"ဆိုပြီး ကျော်ကြားခဲ့တဲ့ ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားသူတွေ အဓိက စုဝေးရာနေရာဖြစ်ပြီး အဲဒီမှာ ရက်ပေါင်း ၇၅ ရက် သပိတ်စခန်းဖွင့်ခဲ့ကြတာပါ။

သပိတ်စခန်းကို အာဏာပိုင်တွေ ရှင်းလင်းနေစဉ်မှာ သတင်းထောက်တွေ ရာဂဏန်းရှိနေသလို၊ တက္ကသိုလ်က ပညာရှင်အဖွဲ့တဖွဲ့နဲ့ အခြား လူ့အခွင့်အရေးအုပ်စုတွေကလည်း ရဲရဲ့ ဆောင်ရွက်မှုတွေကို စောင့်ကြည့် အကဲခတ်ခဲ့ကြပါတယ်။

XS
SM
MD
LG