ဟောင်ကောင်ကျွန်းမှာ ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့ ဟောင်ကောင်အစိုးရက ဘေဂျင်းက အစိုးရကို တရားဝင် တောင်းဆိုလိုက်ပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို ဟောင်ကောင်ပြည်သူတိုင်း ရွေးချယ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုထားတဲ့ အစီရင်ခံစာကို ဟောင်ကောင်အစိုးရက တရုတ်ပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီကို အင်္ဂါနေ့က ပေးပို့ခဲ့တာပါ။
ဟောင်ကောင်မှာ အခြေခံဥပဒေအတိုင်း တရုတ်အစိုးရ လိုလားသူအများစုပါတဲ့ ရွေးချယ်ရေးကော်မတီက အုပ်ချုပ်ရေးမှူးလောင်း ရွေးချယ်ပေးတာကို လက်ခံမယ့်တချိန်တည်းမှာ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရမယ်လို့ အုပ်ချုပ်ရေးမှူး Leung Chun-ying က သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။ အဖွဲ့ဝင် ၁၂၀၀ ပါတဲ့ ရွေးချယ်ရေးကော်မတီရဲ့ဆောင်ရွက်ချက်တွေကို လျှော့မတွက်သင့်သလို တိုက်ရိုက်ပဲဖြစ်ဖြစ် သွယ်ဝိုက်ပြီးပဲဖြစ်ဖြစ် ရှောင်လွှဲဖို့ မသင့်ဘူးလို့ ဟောင်ကောင်မှာ အများစုက သဘောထားကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အပြည့်အဝမဟုတ်ပေမဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ ဟောင်ကောင်မှာ တရုတ်အစိုးရက ပေးထားတဲ့ ကတိအတိုင်း ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲကျရင် အုပ်ချုပ်ရေးမှူးကို ရွေးချယ်ပိုင်ခွင့် ရမှာဖြစ်ပေမဲ့ အဲဒီအုပ်ချုပ်ရေးမှူးဟာ ဘေဂျင်းမှာရှိတဲ့ အစိုးရက ထောက်ခံသူ ဖြစ်ရမယ်လို့ တရုတ်အစိုးရဘက်ကတော့ အလေးထား ပြောဆိုနေပါတယ်။