သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် အဓိကရုဏ်းကြောင့် အစိုးရရုံးတွေပိတ်


ဟောင်ကောင်ဆန္ဒပြသူတွေကို နှိမ်နင်းနေတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၁၊ ၂၀၁၄)
ဟောင်ကောင်ဆန္ဒပြသူတွေကို နှိမ်နင်းနေတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၁၊ ၂၀၁၄)

ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့တာကြောင့် အစိုးရရုံးတွေနဲ့ လွှတ်တော်ကို ပိတ်ပစ်ခဲ့ရပါတယ်။

အစိုးရ ဌာနချုပ်ရုံး အပြင်ဘက်မှာ ဆန္ဒပြမှုတွေ တိုးချဲ့လုပ်သွားဖို့ စီစဉ်နေတဲ့ ရာနဲ့ချီတဲ့ ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒီကနေ့ အစောပိုင်းမှာပဲ Admiralty ခရိုင်က အဓိက လမ်းမကြီးတခုကို ဆန္ဒပြသူတွေက သိမ်းပိုက်ဖို့ ကြိုးစားတာမှာ ရဲတပ်ဖွဲ့တွေ ကာရံထားတဲ့ အတားအဆီးတွေကို သူတို့က ကျော်လွန် ဝင်ရောက်ခဲ့ကြပါတယ်။

ထိပ်တိုက်ရင်ဆိုင်မှုတွေ အရှိန်လျော့သွားအောင် သူတို့ဘက်က ငရုပ်ရည်တွေ၊ နံပါတ်တုတ်တွေသုံးပြီး ဖြိုခွဲဖို့ကလွဲလို့ တခြား ရွေးစရာနည်းလမ်းမရှိဘူးလို့ ရဲအရာရှိတွေက ပြောပါတယ်။

အခုဖြစ်ရပ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်တွင်း ဆန္ဒြုပသူတွေနဲ့ရဲတပ်ဖွဲ့အကြား အပြန်အလှန် တိုက်ခိုက်မှုတွေမှာ နောက်ဆုံး ဖြစ်ရပ်ပါ။ သောကြာနေ့တုန်း ကလည်း Mong Kok အရပ်မှာရှိတဲ့ အဓိကလမ်းမကြီးပေါ်က အတားအဆီးတွေကို ရဲတပ်ဖွဲ့က ရှင်းလင်းဖို့ ကြိုးစားချိန်မှာ ဆန္ဒပြသူတွေနဲ့ လုံးထွေး သတ်ပုတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင် Lester Shum နဲ့ Joshua Wong တို့ အပါအဝင် လူအတော်များများလည်း ဖမ်းဆီးခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းကစလို့ ဆန္ဒပြပွဲတွေ အဆက်မပြတ် ရှိလာခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့တော့ အင်အားနည်းလာနေပါတယ်။ မကြာခင်သေးခင်က ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းတချို့မှာလည်း ဆန္ဒပြပွဲတွေအပေါ် လူထုရဲ့ထောက်ခံမှု တဖြည်းဖြည်းလျော့နည်းလာနေတာကို တွေ့ခဲ့ရပါတယ်။

XS
SM
MD
LG