အလုပ်အကိုင် ရရှိရေးအတွက် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေကို သွားရောက်ရင်း လိမ်ညာလှည့်ဖျားမှုတွေနဲ့ မိပြီး အဓမ္မခိုင်းစေခံနေရတဲ့ ဟောင်ကောင် ပြည်သူတွေ ဌာနေပြန်လာနိုင်ရေး ကြိုးစားနေကြောင်း ဟောင်ကောင်တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။ လိမ်ညာ ခိုင်းစေခံရသူ ဟောင်ကောင် ပြည်သူတချို့ကို ပြန်လည် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပေမယ့် တချို့ကတော့ မြန်မာနိုင်ငံမှာ ပိတ်မိနေဆဲ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ခရီးမသွားကြဖို့လည်း ဟောင်ကောင် အာဏာပိုင်တို့က ပြည်သူတွေကို တိုက်တွန်းနေပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။
ငွေတောင်းခံလွှာ အတု၊ အစိုးရကြေး အတုတွေနဲ့ တရုတ်စကားပြော လူတွေထံက ငွေလိမ်ဖို့ ကြိုးစားတဲ့ တယ်လီဖုန်း ဆက်သွယ်ရေး စင်တာတွေမှာအလုပ်လုပ်ကြတဲ့ လိမ်ညာ ခိုင်းစေခံနေရသူတွေထဲမှာ ထိုင်ဝမ်နဲ့ တရုတ် ပြည်မကြီးက လူတွေလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ ပိတ်မိပြီး အဓမ္မ ခိုင်းစေခံနေရတဲ့အတွက် အကူအညီ တောင်းခံထားသူတွေရှိနေကြောင်း ဟောင်ကောင် လုံခြုံရေး ဗြူရို အမြဲတမ်း အတွင်းဝန် Michael Cheuk က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
"ရဲတပ်ဖွဲ့နဲ့ လူဝင်မှု ကြီးကြပ်ရေး ဌာနတွေ အပါအဝင် ကျနော်တို့ရဲ့ တရားဥပဒေ စိုးမိုးရေး ဌာနတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလက စလို့ ပြည်သူ ၂၀ ရဲ့ အကူအညီ တောင်းခံမှုကို လက်ခံရရှိထားပါတယ်။ အခု အချိန်ထိ သိရသလောက် သူတို့ထဲက ၁၂ ဦးက ဘေးကင်းသွားပါပြီ။ အဲဒီ ဟောင်ကောင် ပြည်သူ ၁၂ ဦးထဲက ၁၀ ဦးကတော့ ဟောင်ကောင်ကို ပြန်ရောက်လာပြီး ၂ ဦးကတော့ မြန်မာနိုင်ငံမှာ ပိတ်မိနေဆဲ ဖြစ်ပေမဲ့ သူတို့ ဘေးကင်းလုံခြုံပါတယ်။ "
ကျန်တဲ့ ဟောင်ကောင် ပြည်သူ ၈ ဦးကတော့ သူတို့ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာကို အာဏာပိုင်တို့ အနေနဲ့ တိတိကျကျ မဖော်ထုတ်နိုင်ဘူးလို့လည်း ဟောင်ကောင် လုံခြုံရေး ဗြူရို အမြဲတမ်း အတွင်းဝန် Michael Cheuk က ပြောပါတယ်။
" ဟောင်ကောင် ပြည်သူ ၈ ဦးတို့ကတော့ ဌာနေပြန်လာနိုင်ဦးမယ့် အခြေအနေ မရှိပါဘူး။ သူတို့ ဘယ်မှာ ရှိနေလဲ ဆိုတာကိုလည်း ကျနော်တို့ မရှာနိုင်သေးပါဘူး။ ဒါပေမယ့်လည်း သူတို့ အရေးကို ဦးစားပေးပြီး လူဝင်မှု ကြီးကြပ်ရေး ဌာန တာဝန်ရှိသူတေါ ဆောင်ရွက်နေပြီး တရုတ် သံရုံးနဲ့ ဒေသဆိုင်ရာ ကောင်စစ်ဝန်ရုံးတွေကို ဆက်သွယ်ထားပါတယ်။ နောက်ပြီး နေရာ ဒေသ အနှံ့ကို ရှာဖွေရေးနဲ့ သူတို့ ဘေးကင်းစွာ ပြန်လာနိုင်ရေး အတွက် ကြိုးစားနေပါတယ်။ ဒီကိစ္စက ကျနော်တို့ အတွက် ထိပ်တန်း ဦးစားပေး ဖြစ်ပါတယ်။"
မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ တောင်းပိုင်းဒေသတွေကို မသွားကြဖို့နဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ခရီးသွားရင် သတိထားကြဖို့လည်း သူကဟောင်ကောင် ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ ကမ္ဘောဒီးယား၊ မြန်မာနဲ့ လာအိုတို့က အထူးစီးပွားရေးဇုံတွေနဲ့ နယ်စပ်ဒေသတွေမှာ ကပ်ဘေးကာလ အတွင်း လိမ်ညာလုပ်ငန်းတွေ ရှိခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ အဖွဲ့ UNODC ရဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ တာဝန်ခံ Jeremy Douglas က AFP ကို ပြောပါတယ်။ လူ့အခွင့်အရေး ရှေ့နေ Patricia Ho ကတော့ ဟောင်ကောင်ရဲ့ လက်ရှိ ဥပဒေတွေက ဒီလို လိမ်ညာ လုပ်ငန်းတွေကို ထိထိရောက်ရောက် ကိုင်တွယ် မချေမှုန်းနိုင်ဘူးလို့ ပြောပါတယ်။ အထူးသဖြင့် လူကုန်ကူးမှုနဲ့ အဓမ္မခိုင်းစေမှုကို တရားမဝင် အဖြစ် သတ်မှတ်ထားတဲ့ ဥပဒေမျိုး ဟောင်ကောင်မှာ မရှိတာကို သူက ထောက်ပြပါတယ်။ ဟောင်ကောင် လုံခြုံရေး ဗြူရို အမြဲတမ်း အတွင်းဝန် Michael Cheuk ကတော့ ဟောင်ကောင် ရဲတပ်ဖွဲ့ကလည်း ဒီကိစ္စကို စတင် ကိုင်တွယ်နေပြီလို့ ပြောပါတယ်။
စုံစမ်းစစ်ဆေးရေး အနေနဲ့ကတော့ ရဲတပ်ဖွဲ့က ရာဇဝတ်ဂိုဏ်းနဲ့ လျှို့ဝှက်ဒုစရိုက် အဖွဲ့အစည်းများဆိုင်ရာ ဗျူရိုကို ဒီကိစ္စတွေ စုံစမ်းဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။
လာအိုနဲ့ ကမ္ဘောဒီးယားမှာ ကာစီနို အလုပ်တွေ ရမယ်လို့ ကတိပြုပြီး လိမ်ညာလှည့်ဖျားမှုမှာ ပါဝင် ပတ်သက်သူ ၅ ဦးကို ဖော်ထုတ် ရရှိထားကြောင်း မကာအိုရဲက ကြာသပတေးနေ့မှာ ပြောပါတယ်။ အမျိုးသားတဦးကတော့ လာအိုကနေ ဘေးကင်းစွာနဲ့ ထွက်ခွာနိုင်ခဲ့ပြီ ဖြစ်ပြီး အရှေ့တောင် အာရှကို ခရီးထွက်မယ့် အမျိုးသမီး ၃ ဦးကိုလည်း သူတို့ ခရီးစဉ်တွေ ဖျက်သိမ်းဖို့ ကြာသပတေးနေ့မှာ ဖျောင်းဖျနိုင်ခဲ့ကြောင်းလည်း မကာအို ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီသီတင်းပတ် အစောပိုင်းမှာဘဲ လူကုန်ကူးခံရသူတွေလို့ ထိုင်းအာဏာပိုင်တို့က သံသယ ရှိထားတဲ့ ထိုင်ဝမ် ၉ ဦးကိုလည်း ဘန်ကောက်ကနေ ထိုင်ဝမ်ကို ဒီသီတင်းပတ် အစောပိုင်းမှာဘဲ ပြန်လည် ခေါ်ယူနိုင်ခဲ့ပါတယ်။ အလုပ်သမားတွေကို သီးခြားခွဲထားပြီး တရုတ်ပြည်မကြီးက လူတွေ ပြည်ပက ဘဏ်စာရင်းတွေထံ ငွေလွှဲလာဖို့ ဖုန်းဆက်ပြီး လိမ်ညာတာ မအောင်မြင်ရင် အကြမ်းဖက်ဖို့လည်း ခြိမ်းခြောက်ခံရပါတယ်။ တလကို ဒေါ်လာ သောင်းချီ ဝင်ငွေ ရနိုင်တဲ့ ဘဏ္ဍာရေး လုပ်ငန်းကုမ္ပဏီတွေမှာ အလုပ်လုပ်ရမယ်လို့ ပြောဆိုပြီး ကမ္ဘောဒီးယားကို ခေါ်ဆောင်ခံရသူတွေအကြောင်းကိုလည်း ထိုင်ဝမ်သတင်းတွေမှာ ဖော်ပြကြပါတယ်။ ခြိမ်းခြောက် နှိပ်စက်ခံရတဲ့ လိမ်ညာခံရသူတွေရဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကိုလည်း ထိုင်ဝမ် မီဒီယာက မကြာခင်က ဖော်ပြခဲ့တာပါ။ လက်ရှိ စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဟာလည်း လူလိမ်တွေ စိတ်ကြိုက် ဒေသ တခု ဖြစ်ပြီး အလိမ်ခံရသူအများအပြားကတော့ ဒေသတွင်းသယ်ယူပို့ဆောင်ရေး အချက်အချာထိုင်းနိုင်ငံကနေ တဆင့် သွားရောက်ကြပါတယ်။ နီပေါနဲ့ အရှေ့အာဖရိကလို ဝေးလံတဲ့ ဒေသတွေနေပါ အလုပ်လုပ်နေကြတဲ့ လူလိမ်ကွန်ရက်တွေဟာ နှစ်နဲ့ချီ ရှိနေပါပြီ။ တရုတ်နိုင်ငံကတော့ ဒီလုပ်ရပ်တွေကို ဖြိုခွင်းဖို့ ကြိုးစားနေပေမဲ့ အတုအယောင် အလိမ်အညာ လုပ်ငန်းတွေကတော့ ဆက်ပြီး အောင်မြင်နေပုံ ရနေပါတယ်။
Unicode