ဟောင်ကောင်ကျွန်းမှာ ဆန္ဒပြသူတွေ သိမ်းပိုက်ထားတဲ့ စီးပွားရေး အချက်အခြာကျတဲ့ မြို့လည်လမ်းမတွေကို တနင်္လာနေ့ မနက်ခင်းမှာ ပြန်လည် ဖွင့်လှစ်ရမယ်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှုးက ကြေညာလိုက်ပြီး မကြာခင်မှာပဲ စနေနေ့မှာ ဒီမိုကရေစီရေး လိုလားသူ လူအုပ်ကြီးက လမ်းမတွေပေါ်မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ရှေ့သီတင်းပတ်ကစပြီး အစိုးရအလုပ်သမားတွေ ရုံးပြန်တက်နိုင်ဖို့ လိုအပ်သလို အရေးယူဆောင်ရွက်မယ်လို့ ဟောင်ကောင်အုပ်အုပ်ရေးမှူး Leung Chun- ying က သတိပေးလိုက်တာနဲ့ မရှေးမနှောင်းမှာပဲ အစိုးရအဖွဲ့ဌာနချုပ် အဆောက်အဦးတွေ အပြင်ဘက်မှာ ဆန္ဒပြသူ သောင်းနဲ့ချီပြီး လာရောက် စုဝေးခဲ့ကြတာဖြစ်ပါတယ်။
တကယ်လို့ ဟောင်ကောင်က Mong Kok ရပ်ကွက်မှာ သောကြာနေ့က အတိုက်ခိုက်ခံခဲ့ရတဲ့ ဆန္ဒပြသူတွေကို ရဲအကာကွယ်ပေးဖို့ အစိုးရက လုပ်ပေးမယ်ဆိုရင် ဟောင်ကောင်က ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေက အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှု အသစ်တွေလုပ်မယ်လို့ အစိုးရက စနေနေ့ ညနေပိုင်းတုန်းက သဘောတူခဲ့တာပါ။ ဒါ့အပြင် အစိုးရအလုပ်သမားတွေ အလုပ်ပြန်လုပ်ခွင့်လည်း ပေးမယ်လို့လည်း သူတို့က အာမခံခဲ့ပါတယ်။
သောကြာနေ့က ဖြစ်ပွားတဲ့ အကြမ်းဘက်မှုကို တဖက်က စလုပ်တယ်လို့ နောက်တဖက်က အပြန်အလှန် စွပ်စွဲနေကြပါတယ်။ ရဲဝန်ထမ်း အများအပြား အပါအဝင် လူပေါင်း ၁၈ ယောက်လောက် ဒဏ်ရာရခဲ့တဲ့ ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ရဲက လူ ၁၉ ဦးကို ဖမ်းဆီးထားပါတယ်။