သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
လွတ်လပ်မှုထိခိုက်နိုင်တဲ့ ဥပဒေ ဟောင်ကောင်မှာအသက်ဝင်
နောက်ဆုံးရသတင်း

လွတ်လပ်မှုထိခိုက်နိုင်တဲ့ ဥပဒေ ဟောင်ကောင်မှာအသက်ဝင်


 Article 23 - အမျိုးသားလုံခြုံရေး ဥပဒေသစ်ကို ဟောင်ကောင်လွှတ်တော်မှာ အတည်ပြုပြဌာန်း (မတ်လ ၁၉၊ ၂၀၂၄)
Article 23 - အမျိုးသားလုံခြုံရေး ဥပဒေသစ်ကို ဟောင်ကောင်လွှတ်တော်မှာ အတည်ပြုပြဌာန်း (မတ်လ ၁၉၊ ၂၀၂၄)

ဟောင်ကောင်မှာ နိုင်ငံတော်သစ္စာဖောက်မှု၊ ပုန်ကန်မှုစတဲ့ အမှုတွေအတွက် ထောင်ဒဏ်တသက် ချမှတ်နိုင်တဲ့ အမျိုးသားလုံခြုံရေး ဥပဒေသစ် ဒီကနေ့ စတင်အသက်ဝင်ပါတယ်။ Article 23 လို့ ရည်ညွှန်းပြောတဲ့ ဒီဥပဒေမှာ အမျိုးသားလုံခြုံရေးဆိုင်ရာ ရာဇဝတ်မှု အမျိုးအစား ၅ ခုကို အဓိကဖော်ပြထားပြီး အစိုးရကို ဝေဖန်ရင် ထောင် ၁၀ နှစ်ကျနိုင်သလို၊ လူတယောက်ကို အမှုမဖွင့်ဘဲ ၁၆ ရက်အထိ ထိန်းသိမ်းထားနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဂျပန် နဲ့ ဗြိတိန် နိုင်ငံတွေအပြင် လူ့အခွင့်အရေးအဖွဲ့တွေက ဒီဥပဒေကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ်။

နိုင်ငံခြားသားတွေ၊ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ အဆက်အဆံလုပ်တဲ့နေရာမှာ တရားမဝင် ရည်ရွယ်ချက်တွေ၊ မလျော်ကန်တဲ့ နည်းတွေဖြစ်နေရင် ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်တယ်လို့ ဥပဒေထဲမှာ ပါပါတယ်။ ဟောင်ကောင် ပြည်သူတွေသာမက အဲဒီမှာနေထိုင် အလုပ်လုပ်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်နိုင်ပြီး၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ပိုပြီးနည်းသွားအောင် ခြိမ်းခြောက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဟောင်ကောင်ဟာ နိုင်ငံတကာစီးပွားရေး ဘဏ္ဍာရေးလုပ်ငန်းတွေရဲ့ ဆုံချက်တခုလိုဖြစ်နေတဲ့ အနေအထား ပျက်သွားနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သတိပေးပါတယ်။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး David Cameron ကလည်း ဒီဥပဒေဟာ ဟောင်ကောင်သူ ဟောင်ကောင်သားတွေရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ထပ်တိုး ထိခိုက်အောင် လုပ်ရာကျတယ်လို့ ဝေဖန်ပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး John Lee ကတော့ အမျိုးသားလုံခြုံရေး စည်းမျဥ်းစည်းကမ်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဒီဥပဒေ ပြဌာန်းလိုက်နိုင်တာဟာ သမိုင်းဝင် အခိုက်အတံ့တခု ဖြစ်တယ်လို့ ပြောဆိုပါတယ်။ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်မှာ ၂၀၁၉ ခုနှစ်က ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ ဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ဒီလှုပ်ရှားမှုတွေကို နှိမ်နှင်းဖို့ တရုတ်ပြည်မကြီး အစိုးရက အလားတူ အမျိုးသား လုံခြုံရေး ဥပဒေကို ၂၀၂၀ ခုနှစ်မှာ ပြဌာန်းခဲ့ပြီး အဲ့ဒီဥပဒေနဲ့ ဖမ်းဆီးခံရသူ ၃၀၀ နီးပါး ရှိပါတယ်။ ဒီဥပဒေကို အတိုက်အခံ မရှိတဲ့ ဟောင်ကောင်လွှတ်တော်မှာ အင်္ဂါနေ့က ပြဌာန်းခဲ့တာပါ။

Forum

XS
SM
MD
LG