သုံးရလွယ်ကူစေသည့် Link များ

ဟောင်ကောင် နောက်ဆုံးကျန်သပိတ်စခန်း ရှင်းလင်းခံရ


နောက်ဆုံးကျန်နေတဲ့ သပိတ်စခန်းကို ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့တဲ့အတွက် ထွက်ခွာသွားတဲ့ ဆန္ဒပြသူတွေရဲ့ "ငါတို့ပြန်လာမယ်"ဆိုတဲ့ နောက်ဆုံး ဆန္ဒပြမှုတရပ်။

ဟောင်ကောင်မြို့တော်လမ်းမတွေပေါ်မှာ သီတင်းဆယ်ပတ်ကျော်ကြာ ပိတ်ဆို့ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို ဖယ်ရှားရင်းနဲ့ နောက်ဆုံးကျန်တဲ့နေရာတခုကို ဟောင်ကောင်ရဲတွေက ဒီကနေ့ပဲ အပြီးသတ် ဖယ်ရှားခဲ့ကြပါတယ်။ Causeway Bay မှာရှိတဲ့လမ်းတွေပေါ်ကနေ ဆန္ဒပြသူတွေကို ချက်ခြင်းထွက်ခွာသွားကြဖို့ ရဲက ပြောဆို ရှင်းလင်းခဲ့တာပါ။

ဆန္ဒပြသူ အနည်းစုပါတဲ့အဖွဲ့ကတော့ “ငါတို့ ပြန်လာခဲ့မယ်”-လို့ အော်ဟစ်ဆန္ဒပြသွားခဲ့ကြပြီးတော့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး လီရှန်ယွန်း ရာထူးကနေဆင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ Admiralty ခရိုင်မှာ ဆန္ဒပြခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီလိုလားသူ လွှတ်တော်အမတ်တချို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးတော့ ဆန္ဒပြသူတွေရဲ့ အကြီးဆုံးသပိတ်စခန်းကို ရှင်းလင်းခဲ့တာပါ။

၂၀၁၇ ခုနှစ်ကျရင် ဟောင်ကောင်မှာ ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲတွေကို တရုတ်ပြည်မကြီးအစိုးရက ကျင်းပခွင့်ပြုဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ တရုတ်အစိုးရကတော့ သူတို့စီစဉ်ထားတဲ့ရွေးကောက်ပွဲကိုယ်စားလှယ်တွေသာ ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို ငြင်းဆန်ထားပါတယ်။

ဗြိတိသျှကိုလိုနီဟောင်းဖြစ်တဲ့ဟောင်ကောင်ဟာ ၁၉၉၇ မှာ တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းခဲ့ပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်း ရထားတဲ့ ဟောင်ကောင်ပြည်သူတွေဟာ ပြည်မကြီးမှာ ရရှိမထားတဲ့လွတ်လပ်ခွင့်တချို့ကိုလည်း ရထားပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG