သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြသူတွေကို နှိမ်နင်း


ဒီကနေ့ တနင်္ဂနွေနေ့မှာ ဟောင်ကောင်ကျောင်းသားတွေရဲ့ ဆန္ဒပြမှု အရှိန်မြင့်တက်လာပြီးနောက် ကာကွယ်ရေး ချပ်ဝတ်တန်ဆာတွေဝတ်ထားတဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်လက် ရှိခဲ့ပါတယ်။ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတို့အနေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုလုပ်ဖို့တောင်းဆိုနေတဲ့ ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းပြီး မတားဆီးနိုင်ခဲ့ပါဘူး။ ရက်အတော်ကြာဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းပေးဖို့ကိုတော့ ဆန္ဒပြကျောင်းသူတဦးက အခုလို ပြောပါတယ်။

“ဒီအပြင်ဘက်ကလူတွေကို အစိုးရအနေနဲ့ မျက်နှာချင်းဆိုင်လာရောက် ဖြေရှင်းဖို့ တကယ့်ကို မျှော်လင့်ပါတယ်။ ကျောင်းမတက်ဘဲ သပိတ်မှောက်တာ ငါးရက်ရှိခဲ့ပြီး အခုဒီမှာ လာထိုင်ပြီး ဆန္ဒပြနေတာ နှစ်ရက်ရှိပါပြီ။ ဒီမှာ လာပြီးဆန္ဒပြတာဟာ အာဏာဖီဆန်ဖို့ သက်သက် မဟုတ်ပါဘူး။ ဒါပေမယ့် အစိုးရအနေနဲ့ လူထုနဲ့ကျောင်းသားတွေကို မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ အစိုးရကိုတိုက်တွန်းတာပါ” - ဆိုပြီး သူက ပြောသွားတာပါ။ ။

ဆန္ဒပြသူတွေကြား မျက်ရည်ယိုဗုံးလို ဓာတု ဓာတ်ငွေ့အန္တရာယ်ကို ကာကွယ်ဖို့ မျက်နှာဖုံးစွပ်ထားသူတွေလည်းပါဝင်ပြီး အားလုံးဟာ ကြွေးကြော်သံတွေ အော်ဟစ်နေပါတယ်။ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Leung Chun-ying က ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး နောက်ထပ် ဆွေးနွေးမှုတွေ မကြာခင်လုပ်မယ်လို့ ပြောခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တာပါ။ ဒါပေမယ့်လည်း ဒီဆွေးနွေးမှုတွေ ဘယ်တော့လုပ်မှာလဲ ဆိုတာ ကိုတော့ သူက အချိန်အတိအကျ မပြောပါဘူး။ ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့ဖူးတဲ့ ဟောင်ကောင်အပေါ် တရုတ်နိုင်ငံအနေနဲ့ နိုင်ငံရေးအရ ဝင်ရောက် စွက်ဖက်တာတွေကို လျှော့ချပေးဖို့ တောင်းဆိုဆန္ဒပြပွဲတွေ ဟောင်ကောင်မှာ အကြီးအကျယ်ဖြစ်ပွားနေပါတယ်။

ဟောင်ကောင်ဆန္ဒပြပွဲ

XS
SM
MD
LG