သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြမှု အာဏာပိုင်တွေအမိန့် အာခံဆဲ


ဟောင်ကောင်မှာ ရွေးကောက်ပွဲဆိုင်ရာပြုပြင်ပြောင်းလဲဖို့ နေရာအနှံ့ဆန္ဒပြနေကြသူတွေကို အဓိကဆန္ဒပြနေရာဖြစ်တဲ့ မြို့လယ်က စီးပွားရေး အချက်အခြာနေရာမှာ စုစည်းကြဖို့ ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေက ဆော်သြထားပါတယ်။

တနင်္လာနေ့မတိုင်ခင် လမ်းတွေပိတ်ဆို့ဆန္ဒပြသူတွေကို ရှင်းလင်းပေးဖို့ အုပ်ချုပ်ရေးမှူး CY Leung ကပြောကြားထားပေမယ့် ကောင်လွန်းကျွန်းဖက်က Mong Kok အရပ်မှာ ဒီကနေ့ ဆန္ဒပြသူတွေအများအပြား စုဝေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့တာဝန်ရှိ Hui Chun Tak က အခြေအနေပုံမှန်ပြန်ဖြစ်အောင် လိုအပ်တဲ့နည်း သုံးပြီးဆောင်ရွက်သွားမယ်လို့ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောသွားပါတယ်။

‘အများပြည်သူတည်ငြိမ် အေးချမ်းရေးအတွက် ကျနော်တို့ အခိုင်အမာ ဆောင်ရွက်သွားမှာပါ၊ လိုအပ်တဲ့ဆောင်ရွက်မှုမှန်သမျှအတွက် ကျနော်တို့မှာ လုပ်နိုင်စွမ်းရှိတယ်လို့လဲ အခိုင်အမာယုံကြည်ပါတယ်’-လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောသွားတာဖြစ်ပါတယ်။

ဒီကနေ့ အစောပိုင်းတုန်းကတော့ Mong Kok အရပ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ခဲ့ပြီး ရဲဖက်က လက်ကိုင်တုတ်တွေ၊
ငရုတ်ရည်တွေနဲ့ ပျက်ဖျန်းခဲ့ပါတယ်။ တနင်္လာနေ့ကျရင် အစိုးရဝန်ထမ်းတွေ ရုံးပြန်တက်နိုင်အောင် ပိတ်ဆို့ထားတာတချို့ ဖယ်ပေးမယ်လို့လည်း ဆန္ဒပြ ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။

အစိုးရဝန်ထမ်းတွေရုံးပြန်တက်တာကို လိုလိုလားလားခွင့်ပြုမှာဖြစ်ပေမယ့် စီးပွားရေးအချက်အခြာကျတဲ့ မြို့လယ်မှာတော့ ဆက်လက်နေရာယူပြီး ဆန္ဒပြသွားမယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ ဟောင်ကောင်မှာ တရုတ်ပြည်မကြီးအစိုးရရဲ့ လွှမ်းမိုးမှု မပါဘဲ ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို ရွေးချယ်နိုင်ခွင့်ရရှိရေးအတွက် ကျောင်းသားအများစုဖြစ်တဲ့ ထောင်သောင်းချီတဲ့ ဟောင်ကောင်ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြနေကြတာ သတင်း ၂ ပတ်ထဲ ရောက်နေပါပြီ။

XS
SM
MD
LG