သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြပွဲ အရှိန်မြင့်မားဆဲ


ဟောင်ကောင်ဆန္ဒပြပွဲ ရဲတပ်ဖွဲ့ နှိမ်နင်းနေ
ဟောင်ကောင်ဆန္ဒပြပွဲ ရဲတပ်ဖွဲ့ နှိမ်နင်းနေ

ဟောင်ကောင်ကျွန်းမှာ ရာဘာကျည်တွေနဲ့ပစ်၊ မျက်ရည်ယိုဗုံးတွေ ပစ်သွင်းခဲ့ကြတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကို အန်တုပြီး တနင်္ဂနွေနေ့က ဆန္ဒပြသူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ညပိုင်းထိ တင်းမာမှုတွေ ရှိနေခဲ့ပါတယ်။

ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ဆက်လက်ဖြစ်ပွား နေတာနဲ့ အတူဘဲ ပြီးခဲ့တဲ့ သတင်းပတ်တုန်းက ဖျက်ဆီးခံရတဲ့ တရုတ် အစိုးရရဲ့ ဆက်သွယ်ဆောင်ရွက်မှုရုံးကို ဆန္ဒပြသူတွေ မရောက်အောင် ကာကွယ်တဲ့ အနေနဲ့ ရဲဘက်က မျက်ရည်ယိုဗုံးနဲ့ အကြိမ်ကြိမ် အသုံးပြုခဲ့ပါတယ်။

ဆန္ဒပြသူတွေက အသာစီးရဖို့ နာရီနဲ့ချီပြီး ကြိုးစားခဲ့ကြပေမယ့်လည်း မီးခိုးတွေ ဖုံးနေတာကြောင့် လက်လျှော့ နောက်ဆုတ်ခဲ့ကြ ရပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို လက်မခံတဲ့ ဟောင်ကောင် အစိုးရကို ဆက်လက် ဖီဆန်သွားဖို့ ဆုံးဖြတ်ထားကြောင်း ဆန္ဒပြသူ အများအပြားက ပြောဆိုပြီး ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲတွေ ကျင်းပဖို့၊ နောက် ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးရေး လုပ်ဖို့လည်း တောင်းဆိုကြပါတယ်။

မျက်ရည်ယိုဗုံး အငွေ့တွေကြားကနေ အသက်အောင့်ပြီး ရှေ့တိုးချီတက်ကြဖို့၊ ဒါမှမဟုတ်လည်း မျက်ရည်ယိုဗုံးပေါ်ကို ရေပက်ပြီး ရှေ့ဆက် ချီတက်ကြဖို့လည်း ဆန္ဒပြသူ တချို့က တိုက်တွန်းခဲ့ကြပါတယ်။ ဆန္ဒပြသူတွေရဲ့ အန်တုမှုတွေကြားမှာဘဲ ပြည်မကြီး အစိုးရရဲ့ ဟောင်ကောင်နဲ့ မကာအိုဆိုင်ရာ ဆက်ဆံရေး ဌာနက ဒီကနေ့ တနလာၤနေ့မှာ ဟောင်ကောင်ရဲ့ လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှု အပေါ် တရုတ်အစိုးရရဲ့ ရှုမြင်ချက်ကို သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ ရှိနေပါတယ်။ မတည်မငြိမ် ဖြစ်နေတဲ့ ဟောင်ကောင် အပေါ်မှာ တရုတ် အစိုးရဘက်က ပြစ်ဒဏ်ခတ်မှု ဒါမှမဟုတ်လည်း ကန့်သတ်မှုတွေ ချမှတ်ဆောင်ရွက်လာမလားဆိုတာကို ဆန္ဒပြသူ တချို့က စောင့်ကြည့်နေကြပါတယ်။ ဟောင်ကောင် အချက်အချာ ဒေသမှာ လူထု စုဝေးပွဲ လုပ်ဖို့ အစိုးရဘက်က အတည်ပြုပေးလိုက်ပြီးနောက်မှာတော့ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခတွေ ပြေလည်သွားပါတယ်။ ဒါပေမယ့် ဆန္ဒပြ ချီတက်ပွဲ လျှောက်ထားမှုကိုတော့ အစိုးရဘက်က ပယ်ချခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG