ဟောင်ကောင်မှာ သတင်းပတ် နဲ့ ချီ ဖြစ်ခဲ့တဲ့ တင်းမာမှုတွေ လျှော့ကျသွားပြီး တဲ့နောက် ကျောင်းသားခေါင်းဆောင်တွေ နဲ့ ဆွေးနွေး စကားပြောဆိုဖို့ သတ်မှတ် ထားတဲ့ အချိန် မရောက်ခင် နာရီပိုင်း အလိုမှာ အစိုးရဘက်က ဖျက်သိမ်း လိုက် တာကြောင့် ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေအနေနဲ့ အများပြည်သူတွေနဲ့ ဆိုင်တဲ့ နေရာတွေကို ဆက်လက် သိမ်းပိုက်ထားဖို့ ကျောင်းသားတွေ က နှိုးဆော်နေပါတယ်။
ဆွေးနွေးညှိနှိုင်းမှုကို ဝေ့လည်ကြောင်ပတ်လုပ်ပြီး အချိန်ဆွဲနေတဲ့ အစိုးရကို ဟောင်ကောင်ကျောင်းသားများအဖွဲ့ ခေါင်းဆောင် Alex Chow က ဝေဖန်ပြစ်တင်လိုက်ပါတယ်။ ကျောင်းသားတွေဖက်က ဒီလိုအခြေအနေရောက် လာအောင် တွန်းပို့တာမျိုး ဘာမှ မလုပ်ခဲ့ဘူးလို့ သူကပြောလိုက်ပြီး၊ ဆွေးနွေးမယ့် အစီအစဉ်ကို အစိုးရဘက်ကဖျက်လိုက်တဲ့အပေါ် ဟာသ လုပ်လိုက်ပါတယ်။
ဟောင်ကောင်ဆိုတာ နိုင်ငံတကာအဆင့် မြို့တော်ကြီးဖြစ်ကြောင်း။ အစိုးရဖက်က တုန့်ပြန်လိုက်တဲ့ လုပ်ရပ်ဟာ လုံးဝ နိုင်ငံတကာ ရယ်စရာ ဟာသကြီးဖြစ်တယ်လို့ Alex Chow ကပြောပါတယ်။
စောစောပိုင်းတုံးကတော့ ဟောင်ကောင် အတွင်းဝန်ချုပ် Carrie Lam က ဆန္ဒပြသူတွေဘက်က သူတို့ရဲ့လှုပ်ရှားမှုကို တိုးမြှင့်ဖို့ နှိုးဆော်လိုက်တာဟာ အစိုးရရဲ့ ယုံကြည်မှုကို ထိခိုက်စေပြီး အကျိုးရှိမယ့် ဆွေးနွေးမှုမဖြစ်နိုင်တော့ကြောင်း သတင်းထောက်တွေကို ပြောဆိုပါတယ်။
အစိုးရနဲ့ ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံဖို့ ဒီကနေ့ သောကြာနေ့မှာ ချိန်းဆိုထားခဲ့တာပါ။ အစိုးရဟာ တရားမ၀င်တဲ့ လှုပ်ရှားမှုနဲ့ မပတ်သက်လိုဘူးလို့ Lam ကပြောပါတယ်။