သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်မှာ ဆန္ဒပြသူ ၅၀၀ ကျော် ဖမ်းဆီးခံရ


ဒီမိုကရေစီ လိုလားတဲ့ အကြီးအကျယ် ဆန္ဒပြပွဲအပြီး တညလုံးထိုင်ပြီး ဆန္ဒပြတဲ့သူ အယောက် ၅၀၀ ကျော်ကို ဟောင်ကောင်ရဲက ဖမ်းဆီးလိုက်ပါတယ်။ မနက် ၈ နာရီအထိ မြို့ရဲ့ငွေကြေးဈေးကွက်ရှိတဲ့ ရပ်ကွက်မှာ ထိုင်မယ်လို့ ဆုံးဖြတ်ထားတဲ့ ဆန္ဒပြသူတွေဟာ တရားမဝင်စုရုံးမှု၊ ရဲ ဝတ္တရား နှောင့်ယှက်မှုတွေနဲ့ စွဲဆိုခြင်းခံနေရပါတယ်။

ဆန္ဒပြသူ အများစုကတော့ ရုန်းကန်ခြင်း မရှိကြပါဘူး။ တချို့ ကန်ကျောက်၊ အော်ဟစ်သူတွေကိုတော့ တရွတ်တိုက် ဆွဲခေါ်သွားခဲ့ရပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့က Mabel Au ကတော့ ဒီလိုဖမ်းဆီးတာဟာ စိတ်အနှောင့်အယှက် ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက တရားမဝင်တာ ဘာမှ မလုပ်ပါဘူးလို့ ပြောသွားပါတယ်။ နောက်ပြီး ဖမ်းဆီးခံရသူတွေ သူတို့ရဲ့ ရှေ့နေတွေကို တွေ့ခွင့်မရတာကို လုံးဝ လက်မခံနိုင်ပါဘူးလို့လည်း ပြောသွားပါတယ်။

ဗြိတိန်ရဲ့ ကိုလိုနီဖြစ်ခဲ့တဲ့ ဟောင်ကောင်ကို တရုတ်နဲ့ ပြန်လည် ပေါင်းစည်းတဲ့ ဒီ ၁၇ နှစ် ပြည့် အခမ်းအနားမှာ လုပ်ခဲ့တဲ့ ဆန္ဒပြပွဲကို လူ ၅ သိန်း ၁ သောင်း တက်ရောက်တယ်လို့ စီစဉ်သူတွေက ပြောပေမဲ့ ရဲတွေကတော့ လူ ၁ သိန်းအောက်လောက်ပဲ တက်ရောက်တယ်လို့ ဆိုပါတယ်။

ဟောင်ကောင် နေထိုင်သူတွေ သူတို့ခေါင်းဆောင် သူတို့ ရွေးခွင့်ရှိဖို့ တရုတ်အစိုးရကို ဖိအားပေးတဲ့ လှုပ်ရှားမှုတွေထဲက ဒီနှစ်စဉ် ဆန္ဒပြမှုဟာ ဒီနှစ်မှာ ထူးထူးခြားခြား ဖြစ်ပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီပေးဖို့ တောင်းဆိုတဲ့ ဆိုင်းပုဒ်တွေ၊ တရုတ်ဆန့်ကျင်ရေး ဆောင်ပုဒ်တွေ ကြွေးကြော်တဲ့ ဆန္ဒပြသူတွေဟာ Victoria ပန်းခြံကနေ ငွေကြေးဈေးကွက်ရှိတဲ့ ရပ်ကွက်ကို ချီတက်ကြပါတယ်။

XS
SM
MD
LG