ဟောင်ကောင်ကျွန်းမှာ ဆန္ဒပြသူတွေ လမ်းမကြီးတွေပေါ်ကနေ ဖယ်ရှားပေးဖို့ အစိုးရ တောင်းဆိုထားတဲ့ သတ်မှတ်ချိန် မတိုင်ခင်မှာဘဲ ဆန္ဒပြသူတွေဟာ အဓိက အတားအဆီးတွေကို ဖယ်ရှားပေးခဲ့သလို သူတို့ နေရာယူထားတဲ့ အဓိက စခန်းတခု ကနေ စတင်ထွက်ခွာပေးနေပြီဖြစ်ပါတယ်။
ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေဟာ တနင်္ဂနွေနေ့မှာ မြို့လည် အစိုးရရုံးချုပ်တွေ ရှိရာကို သွားတဲ့လမ်းတွေပေါ်က အတားအဆီးတချို့ကို ဖယ်ရှားပေးခဲ့ပြီး သူတို့ ကိုယ်တိုင်လည်း စခန်းချထားတဲ့ အဲဒီနေရာတွေကနေ ထွက်ခွာပေးခဲ့ကြပါတယ်။
ဒါပေမယ့် ဆန္ဒပြသူတချို့က ထွက်မသွားဘဲ ဆက်ပြီးနေဖို့ ပြောဆိုကြတာမို့ ဆန္ဒပြ သူတွေကြား သွေးကွဲတဲ့ အရိပ်အယောင် တွေ့နေရပါတယ်။
ဟောင်ကောင်က ဆန္ဒပြမှု အခြေနေဟာ တနင်္လာနေ့ အစောပိုင်းမှာ ငြိမ်သက်နေတာ တွေ့ရပြီး ကျောင်းသားတွေကတော့ လူပေါင်း ထောင်သောင်းချီပြီး သီတင်း တပတ်ကျော် စုဝေးဆန္ဒပြခဲ့တဲ့ စီးပွားရေး အချက်အချာကျတဲ့ နေရာက တခြား ဆန္ဒပြစခန်းတွေကနေ ထွက်မသွားဘူးလို့ တင်းခံနေကြတာပါ။
ဆန္ဒပြ ကျောင်းသားတွေနဲ့ ဆွေးနွေးမှုတွေ စလုပ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး C Y Leung ခန့်အပ်လိုက်တဲ့ ဟောင်ကောင် အတွင်းဝန်ချုပ် Carrie Lam နဲ့ တရားဝင်ညှိနှိုင်းမှုတွေ လုပ်နိုင်ဖို့ အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ ကျောင်းသားခေါင်းဆောင် တွေကပြောပါတယ်။