သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး တရုတ်သမ္မတထံ စာပို့


ဟောင်ကောင်ရှိ အစိုးရရုံးချုပ် အပြင်ဘက် စုဝေးပွဲ တခုတွင် တွေ့ရသည့် ဆန္ဒပြသူများ။ အောက်တိုဘာ ၁၀၊ ၂၀၁၄။
ဟောင်ကောင်ရှိ အစိုးရရုံးချုပ် အပြင်ဘက် စုဝေးပွဲ တခုတွင် တွေ့ရသည့် ဆန္ဒပြသူများ။ အောက်တိုဘာ ၁၀၊ ၂၀၁၄။

ဟောင်ကောင်မှာ ဒီမိုကရေစီရေး ဆန္ဒပြနေတဲ့ ကျောင်းသားအုပ်စု နှစ်ခုက တရုတ်သမ္မတ Xi Jinping ဆီ အိတ်ဖွင့်ပေးစာ တစောင် ရေးသားပြီး ဟောင်ကောင်အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ စဉ်းစားပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အိတ်ဖွင့်ပေးစာကို စနေနေ့ထုတ် South China Morning Post သတင်းစာမှာ ဖော်ပြထားတာဖြစ်ပြီး သီးခြား အုပ်ချုပ်မှု တစိတ်တပိုင်း ရထားတဲ့ တရုတ်နိုင်ငံထဲက ဟောင်ကောင်ကျွန်းမှာ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်အတွင်း လမ်းမတွေပေါ်ထွက်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြတာဟာ ဟောင်ကောင် အုပ်ချုပ်ရေးမှုး Leung Chun-ying ကြောင့်လို့ အပြစ်တင်ထားပါတယ်။

ဟောင်ကောင်က မဲဆန္ဒရှင်တွေအတွက် သူတို့ရဲ့ အုပ်ချုပ်ရေးမှူးကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ပေးဖို့ သမ္မတ Xi ကို ကျောင်းသားတွေ က တောင်းဆိုထားပြီး တရုတ်အစိုးရရဲ့မဟာမိတ် Leung နဲ့ သူ့အုပ်ချုပ်ရေး အဖွဲ့ဟာ ဒေသခံတွေရဲ့ဆန္ဒကို ထပ်တလဲလဲ လျစ်လျူရှုနေတယ်လို့ ဆိုပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေနဲ့ အာဏာပိုင်တွေကြား ညှိနှိုင်းမှုတွေလုပ်ဖို့ စီစဉ်ထားတာကို ဖျက်သိမ်းလိုက်ပြီးတဲ့ နောက် သောကြာနေ့မှာ လမ်းမတွေပေါ်ကို ဆန္ဒပြသူအများအပြား ပြန်ပြီးေ ရာက်လာကြတာ ဖြစ်ပါတယ်။ ဆန္ဒပြသူ အရေအတွက်ဟာ သီတင်းပတ်အစောပိုင်းမှာ ရာဂဏန်းပဲ ရှိရာကနေ အခုတော့ ထောင်နဲ့ချီ ရောက်လာကြတာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ဟောင်ကောင်ကို တစိတ်တပိုင်းအုပ်ချုပ်မှု ပျက်ပြားစေတဲ့ ဒီမိုကရေစီရေးဆန္ဒပြမှုတွေရဲ့ နောက်ကွယ်မှာ အမေရိကန်ပြည်ထောင်စုက ပါဝင်ပတ်သက်နေတယ်လို့ တရုတ်ကွန်မြူနစ်ပါတီက နောက်တခါ ထပ်ပြီး စွပ်စွဲလိုက်ပါတယ်။

စနေနေ့ထုတ် တရုတ်အစိုးရရဲ့ ပြည်သူ့နေ့စဉ်သတင်းစာ မျက်နှာဖုံးက အယ်ဒီတာ့အာဘော်အခန်းမှာတော့ အမေရိကန်အစိုးရအရာရှိတွေ၊ NGO အဖွဲ့တွေနဲ့ သတင်းမီဒီယာတွေဟာ တရုတ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး တစိတ်တပိုင်းရ နယ်မြေဖြစ်တဲ့ ဟောင်ကောင်မှာ "color revolution" အရောင်တော်လှန်ရေး ဖြစ်လာအောင် လှုံ့ဆော်နေကြတယ်လို့ ရေးသားထားပါတယ်။

XS
SM
MD
LG