ဗြိတိသျှအုပ်ချုပ်မှု အောက်ကနေ တရုတ်အစိုးရ လက်အောက် ပြန်ရောက်ခဲ့တဲ့ ဟောင်ကောင်မှာ သတင်းလွတ်လပ်ခွင့်နဲ့ အစိုးရ အတိုက်အခံတွေအပေါ် သည်းခံနိုင်မှုဟာ ပိုမိုနည်းပါးလာနေပြီလို့ ဟောင်ကောင်အခြေစိုက် သတင်းလွတ်လပ်ခွင့် အဖွဲ့တခုက ပြောလိုက်ပါတယ်။
တရုတ်ပြည်မကြီးက ဗဟိုအစိုးရဟာ ဟောင်ကောင်ကျွန်းနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို တင်းတင်းကျပ်ကျပ် ကျင့်သုံးလာနေသလို ဟောင်ကောင်ရဲတွေဟာလည်း ဆန္ဒပြသူတွေကို သည်းခံမှု လျော့ပါးလာတယ်လို့ ဟောင်ကောင် သတင်းထောက်များ အသင်းက နှစ်စဉ် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာက ဖော်ပြလိုက်တာပါ။
အသစ်တက်လာမယ့် ဟောင်ကောင် အုပ်ချုပ်ရေးမှူး အနေနဲ့လည်း ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေး ဥပဒေတရပ် ပြဋ္ဌာန်းဖို့ ပြည်မကြီးက ဖိအားပေးနေတာကို ကြန့်ကြန့်ခံသွားဖို့နဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေ အပေါ်မှာ အကာအကွယ်ပေးဖို့လည်း အစီရင်ခံစာ ထုတ်ပြန်သူတွေက တောင်းဆိုလိုက်ပါတယ်။
၁၉၉၇ ခုနှစ်မှာ ဗြိတိန်က ဟောင်ကောင်ကို တရုတ်အစိုးရ အုပ်ချုပ်မှုအောက် ပြန်လည်လွှဲပေးခဲ့စဉ်မှာ ဟောင်ကောင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်းပေးပြီး တနိုင်ငံ စနစ် ၂ ခု ပုံစံနဲ့ ပြည်မကြီးမှာ မရတဲ့ နိုင်ငံသား အခွင့်အရေးတွေ ရှိစေရမယ်ဆိုတဲ့ သဘောတူညီချက်တွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။