သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်အဓိကရုဏ်း ၁၉ ဦးဖမ်းဆီး


ဟောင်ကောင်မှာ တနင်္လာနေ့ကစပြီး ဒီမိုကရေစီတောင်းဆိုဆန္ဒပြနေသူတွေ ပိတ်ဆို့ထားတဲ့လမ်းတွေကို ရှင်းလင်း ဖယ်ရှားဖို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး C Y Leung က ရုပ်မြင်သံကြားပေါ်ကနေ ဒီကနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

‘အများပြည်သူတာဝန်ကိုထမ်းနေကြတဲ့ အစိုးရဝန်ထမ်း ၃၀၀၀ တနင်္လာနေ့မှာ ရုံးတက်ပြီး သူတို့အလုပ်ကို လုပ်နိုင်ကြဖို့ အစိုးရရုံးတွေရှိရာ လမ်းတွေကို ရှင်းလင်းနိုင်ဖို့က အခုအရေးအကြီးဆုံးလုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။ Central နဲ့ Wanchai ရပ်ကွက်တွေက လမ်းတွေကိုလဲ ပြန်ဖွင့်ပေးရပါမယ်၊ ဒါမှ ကျောင်းသူ ကျောင်းသားတွေ ကျောင်းတက်နိုင်ကြမှာဖြစ်တယ်’-လို့ အုပ်ချုပ်ရေးမှုး CY Leung က ရုပ်မြင်သံကြားပေါ်ကနေ ပြောကြားသွားတာဖြစ်ပါတယ်။

အလုပ်အကိုင်တွေပျက်လို့ မကျေမနပ်ဖြစ်နေကြတဲ့ မြို့ခံတွေနဲ့ ဆန္ဒပြသူတွေကြား ဒုတိယနေ့ဆက်တိုက်အဖြစ် ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်နေချိန်မှာပဲ အုပ်ချုပ်ရေးမှုးက ခုလို ပြောကြားခဲ့တာပါ။

လမ်းတွေပေါ်မှာ ဆန္ဒပြနေကြသူတွေကို အတင်း ရှင်းလင်းနှင်ထုတ်ဖို့ ကြိုးစားတဲ့ လူအုပ်ကြီးနဲ့ ဒီမိုကရေစီတောင်းဆိုဆန္ဒပြနေကြသူတွေကြား သောကြာနေ့ညတုန်းက အကြမ်းဖက်မှုတွေဖြစ်ခဲ့မှုအတွင်း ရဲက ၁၉ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းမိသူတချို့ဟာ Triad တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ရကြောင်း ရဲကပြောခဲ့ပါတယ်။

လမ်းတွေရှင်းသွားအောင် ကြိုးစားတဲ့အနေနဲ့ မြို့အာဏာပိုင်တွေက ရာဇဝတ်ဂိုဏ်းသားတွေနဲ့ ဒီမိုကရေစီရေးဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဟောင်ကောင်လုံခြုံရေးဆိုင်ရာ အကြီးအကဲ Lai Tung-kwok က ပြင်းပြင်းထန်ထန် ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုပြောဆိုစွပ်စွဲမှုတွေဟာ လုံးဝအဓိပ္ပာယ် မရှိသလို တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နေကြတဲ့ ရဲအရာရှိတွေအတွက်လည်း လုံးဝ မမျှတပါဘူးလို့ သူကပြောသွားပါတယ်။

ဟောင်ကောင်မှာ တရုတ်ပြည်မကြီးအစိုးရရဲ့ လွှမ်းမိုးမှု မပါဘဲ ဟောင်ကောင်အုပ်ချုပ်ရေးမှုးကို ရွေးချယ်နိုင်ခွင့်ရရှိရေးအတွက် ကျောင်းသားအများစုဖြစ်တဲ့ ထောင်သောင်းချီတဲ့ ဟောင်ကောင်ပြည်သူတွေက လူအစည်ကားဆုံးနေရာတချို့မှာ ပိတ်ဆို့ဆန္ဒပြနေကြတာ သတင်းတပတ်ကျော်ရှိနေပါပြီ။

XS
SM
MD
LG