သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်အခြေအနေတည်ငြိမ်လာဟု တရုတ်ဆို


တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei
KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ကို ထိုးစစ်ဆင်နေတာတွေ ရပ်ဆိုင်းဖို့ မြန်မာ အစိုးရ က ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှာ အခြေအနေတွေ တည်ငြိမ်လာပြီလို့ တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။ တရုတ် မြန်မာနယ်စပ်မှာရှိတဲ့ ကချင် ပဋိပက္ခအခြေအနေတွေကို တရုတ်နိုင်ငံအနေနဲ့ အနီးကပ် စောင့်ကြည့်နေတဲ့ အကြောင်း လည်း ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ မမေစန္ဒီက တင်ပြပေးထားပါတယ်။

တရုတ်-မြန်မာနယ်စပ် ကချင်ဒေသက စစ်ပွဲတွေကြောင့် တရုတ်နိုင်ငံ နယ်စပ်တွေကိုလည်း ရိုက်ခတ်မှုတွေ တနည်းတဖုံရှိခဲ့ပါတယ်။ တရုတ်နယ်မြေထဲ လက်နက်ကြီးကျည်တွေ ကျရောက်တာက အစ၊ စစ်ပြေး ဒုက္ခသည်တွေ တရုတ်နိုင်ငံထဲ ပြေးဝင်လာတာအထိ ရှိခဲ့ တာပါ။ ဒါကြောင့်လည်း အခြေအနေတွေအပေါ်မှာ တရုတ်က စိုးရိမ်တကြီး စောင့်ကြည့်နေ သလို နောက်ပိုင်းမှာ မကြာခဏဆိုသလို သူတို့ရဲ့စိုးရိမ်မှုတွေကိုလည်း ထုတ်ပြောခဲ့ပါ တယ်။ မြန်မာအစိုးရဖက်က KIA အပေါ် စစ်ဆင်ရေးတွေ မလုပ်ဖို့ အမိန့်ထုတ်ပြန်ပြီး နောက် အခြေအနေတွေ တည်ငြိမ်လာတယ်လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hong Lei က ပြောသွားပါ တယ်။

“ယူနန်ဒေသအာဏာပိုင်တွေက အဲဒိဒေသမှာနေထိုင်တဲ့တရုတ်လူမျိုးတွေနဲ့ တရုတ်နယ်စပ် ကို ကာကွယ်ဖို့ ဆောင်ရွက်နေကြပါတယ်။ အခုအခါမှာတော့ တရုတ်နိုင်ငံဘက်ပိုင်းမှာရှိတဲ့ နယ်စပ်ဒေသတွေကတော့ တည်ငြိမ်နေပါပြီ။ တရုတ်နိုင်ငံဟာ ဒီကိစ္စမှာပါဝင်တဲ့ အဖွဲ့ အစည်းတွေနဲ့ နီးစပ်မှုရှိပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှာ တာဝန်ယူ ဆောင် ရွက်နေတာ ဖြစ်ပါတယ်။”

တရုတ်နိုင်ငံခြားရေးဌာနရဲ့ မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောခွင့်ရသူ Hong Lei က ပဋိပက္ခမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကိုလည်း အပြန်အလှန် အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းသွားပါတယ်။ ကချင်ပြည် နယ်စပ်ဖြစ်တဲ့ တရုတ်ရဲ့ ယူနန်အာဏာပိုင်တွေ အနေနဲ့ လည်း စစ်ပွဲအခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ ပြောသွားပါတယ်။ တရုတ်အစိုးရရဲ့ အထူးသံတမန် Fu Ying ဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ ရန်ကုန်မြို့မှာ ပြီးခဲတဲ့စနေနေ့ က တွေ့ဆုံခဲ့ပါတယ်။ တဘက်နိုင်ငံမှာ ပဋိပက္ခဖြစ်ပြီဆိုရင် ကျန်တဘက်နိုင်ငံကိုပါ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်စေပါတယ်။ တရုတ်အစိုးရဟာ တရုတ်-မြန်မာ နယ်စပ်ဖွံ့ဖြိုး တိုးတက်ရေးကို အရေးတယူ ဆောင်ရွက်ကြည့်ရှုနေတာ ဖြစ်ပါတယ်လို့ တရုတ်ပြောရေး ဆိုခွင့်ရှိသူ Hong Lei ကပြောပါတယ်။

ကချင်မှာ စစ်ဆင်ရေးတွေ ရပ်စဲဖို့ မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ အမိန့်ထုတ်လိုက်ပြီ ဆိုပေမယ့် KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့အနီး လဂျားယန်ဒေသနဲ့ အခြားဒေသ အတော် များများမှာ စစ်ပွဲတွေ ဆက်ရှိနေတယ်လို့ KIA က ပြောပါတယ်။ ဒါပေမယ့် အရင်လို မဟုတ် ဘဲ တင်းမာမှုအခြေအနေတွေကတော့ လျော့ကျသွားတယ် ပြောရမှာပါ။ ကချင်ဒေသတွင်း မှာ ဖြစ်တဲ့ စစ်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပြီး ဒီစစ်ပွဲကို ရပ်တန့် ဖို့ မြန်မာအစိုးကို ပြည်တွင်းရော ပြည်ပကပါ ဖိအားတွေ များလာခဲ့ပါတယ်။ စစ်ပွဲတွေကြောင့် ကျေးရွာတွေကို စွန့်ခွာပြေးရတဲ့ ဒေသခံအရပ်သားတွေလည်း ရှိနေပြီး အချို့ဟာ တရုတ်ပြည်ထဲအထိ ထွက်ပြေးနေကြပါတယ်။

တရုတ်ဘက်မှာတော့ ဒုက္ခသည်စခန်းရယ်လို့ သီးခြားထားရှိတာမရှိပေမယ့် ဝင်ပြေးလာတဲ့ ဒုက္ခသည်တွေကို တရုတ်နယ်ခံ ကချင်နွယ်ဖွားတွေက လက်ခံ အကူအညီပေးနေရတာပါ။ ဒီအတွက်လည်း ကချင်က စစ်ပွဲတွေ ရပ်ဖို့ တရုတ်နိုင်ငံတွင်း ကချင်နွယ်တွေက နယ်စပ် အထိလာပြီး ဆန္ဒပြတာမျိုးဖြစ်ခဲ့ပါတယ်။ တရုတ်ဘက်ကို ကျရောက်လာတဲ့ လက်နက်ကြီး ကျည်တွေအတွက်လည်း တရုတ်ဘက်က မြန်မာဘက်ကို သတိပေးတာ ရှိခဲ့ပါတယ်။

တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ ကီလိုမီတာ ၂၂၀၀ ကျော်ထိစပ်နေပြီး အခု ကချင်ကိစ္စကြောင့် နယ်စပ် တလျှောက်မှာ တရုတ်ဘက်က လုံခြုံရေးအခြေအနေ တိုးမြှင့်တာတွေ လည်း ပြုလုပ်ထားပါတယ်။
XS
SM
MD
LG