သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးတန်ဖိုး ဒေါ်စု အလေးပေးပြောကြား


ဟောင်ကောင်တက္ကသိုလ် လူမှုရေး သိပ္ပံဌာန အကြီးအကဲ အီယန် ဟောလီးဒေးနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်တို့ ရန်ကုန်တွင် တွေ့ဆုံစဉ်။
ဟောင်ကောင်တက္ကသိုလ် လူမှုရေး သိပ္ပံဌာန အကြီးအကဲ အီယန် ဟောလီးဒေးနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်တို့ ရန်ကုန်တွင် တွေ့ဆုံစဉ်။

ဟောင်ကောင်တက္ကသိုလ်ဟာ ဒီနှစ်မှာ နှစ် ၁၀၀ ပြည့်သွားခဲ့ပါပြီ။ ဒီနေ့မှာ ကျင်းပတဲ့ ရာစုနှစ် အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခြင်း အထိမ်းအမှတ် အခမ်းအနားအတွက် ပေးပို့လိုက်တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးရဲ့ တန်ဖိုးကို အလေးထားပြီး ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီအခမ်းအနားကို တက်ရောက်လာခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေ၊ ပညာရှင်တွေနဲ့ သတင်းထောက်တွေ မေးထားတဲ့ မေးခွန်းတွေကိုလည်း ဗွီဒီယိုလင့်ခ်ကတဆင့် ဖြေကြားသွားခဲ့ရာမှာ တရုတ်နိုင်ငံရဲ့ ဒီမိုကရေစီရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ဖြေကြား ပြောဆိုသွားခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အာရှမှာ အစဉ်အလာ ကြီးမားတဲ့ ဟောင်ကောင်တက္ကသိုလ်ရဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနားအတွက် ဆေးသိပ္ပံ၊ စီးပွားရေးနဲ့ လူမှုရေး သိပ္ပံဆိုင်ရာ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်သူတွေရဲ့ ဟောပြော ဆွေးနွေးမှုတွေ ပါဝင်ပြီး ဒီအထဲမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟောင်ကောင်တက္ကသိုလ် ကျောင်းသားတွေရဲ့ Centenary Dialogue လို့ခေါ်တဲ့ ရာစုနှစ် အထိမ်းအမှတ် စကားပြောခြင်း အစီအစဉ်လည်း ပါဝင်ပါတယ်။

ဟောင်ကောင်တက္ကသိုလ် လူမှုရေး သိပ္ပံဌာန အကြီးအကဲ အီယန် ဟောလီးဒေး (Ian Holliday) ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဖိတ်ကြားခဲ့သလို လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ နှလုံးသား ဖြူစင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရေပေါ် ပေါ်နေတဲ့ ကြာပန်းအသွင် တင်စားထားတဲ့ စာတမ်းကိုပါ ပေးအပ်ခဲ့ပါတယ်။ ဒီစာတမ်းကို နာမည်ကျော် ခေတ်ပေါ် လက်ရေးပန်းချီ ပညာရှင် ပါမောက္ခ ဂျောင်ဆန်း (Jao Tsung-I) က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဒီဟောပြောပွဲကို တက်ရောက်ဖို့အတွက် စာရင်းပေးသွင်းသူ ၁,၈၀၀ ကျော် ရှိပါတယ်။ ဟောင်ကောင်တက္ကသိုလ်ရဲ့ တိုကျိုခန်းမကြီး အပြင် အနားက အခန်းတွေထဲမှာပါ ဗွီဒီယိုနဲ့ ပြသခဲ့သလို ကွန်ပြူတာ အင်တာနက်ပေါ်ကနေ ဝက်ဘ်ကတ်စ်နဲ့ တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပြီး ဟောင်ကောင်ကေဘယ်လ် တီဗွီကလည်း တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပါတယ်။

ဗွီဒီယို ရုပ်သံကတဆင့် တိုက်ရိုက်ပြောကြားခဲ့တဲ့ အဖွင့်မိန့်ခွန်းထဲမှာ ပညာရေးဆိုတာ လူ့ဂုဏ်သိက္ခာနဲ့ လူ့ဘ၀ တိုးတက်ရေးအတွက် လမ်းမှန်ရောက်ဖို့ လမ်းညွှန်ပေးတာမျိုး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီအနှစ်သာရကို ဟောင်ကောင်တက္ကသိုလ်က လက်တွေ့ ကျင့်သုံးနေတာမို့ ဝမ်းမြောက်သလို ဒီလိုပညာရေးမျိုး မြန်မာနိုင်ငံမှာ ရှိခဲ့ဖူးပါတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေး အဆင့်အတန်းနဲ့ အခြေခံ အဆောက်အအုံတွေကို အာရှတိုက် နိုင်ငံတွေသာမက ကမ္ဘာကပါ အားကျ စံတင်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဟောင်ကောင်တက္ကသိုလ်ထက် ၁၀ နှစ်လောက်ငယ်တဲ့ ရန်ကုန်တက္ကသိုလ်ကနေ ထက်မြက်တဲ့ ပညာတတ်တွေ မွေးထုတ်ပေးရုံတင်မက မြန်မာနိုင်ငံကို ကိုလိုနီ နယ်ချဲ့လက်အောက်ကနေ လွတ်အောင် လုပ်ဆောင်သူတွေကိုပါ မွေးထုတ်ပေးခဲ့တာပါ။ စစ်အစိုးရလက်အောက် နှစ်ပေါင်း ၂၀ ကြာတဲ့နောက် ဆုတ်ယုတ်မှုတွေ တွေ့လာရပြီး ၁၉၈၈ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ လူထု လှုပ်ရှားမှုတွေနဲ့ တောင်းဆိုခဲ့ပေမဲ့ ကျောင်းသားခေါင်းဆောင် အများအပြား အခုထိ အကျဉ်းထောင်ထဲ ရှိနေခဲ့ပြီး အခု နောက်ထပ် နှစ် ၂၀ နောက်ပိုင်းမှာတော့ ပညာရေးကအစ အစစ သိပ်ကို နောက်ကျနေပြီလို့ ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် ပညာရေးဟာ လူတိုင်း လက်လှမ်းမီခွင့် ရှိသင့်ပြီး လက်တဆုပ်စာ လူနည်းစု အတွက်ပဲ အခွင့်ထူးခံ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

“ပညာရေးဟာ လူ့သိက္ခာနဲ့ တိုးတက်ရေးအတွက် အတွေးအခေါ်ကို မြှင့်တင် သင်ကြားပေးနိုင်တဲ့ ဖြစ်စဉ်တခုပါ။ ဒါကြောင့် တရားမျှတမှုနဲ့ လွတ်လပ်ခွင့်ဟာ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးတရပ် ဆိုတာကို သဘောမပေါက်နိုင်ဘဲ သူများပြောတာကို အမှားအမှန် မဝေခွဲနိုင်၊ ခိုင်းတာကိုပဲလုပ်ဖို့ မွေးထုတ်ပေးတဲ့ စက်မျိုး မဖြစ်သင့်ပါဘူး။” လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် အခုလို ပညာရေးမျိုးနဲ့ ထိတွေ့ခွင့် မရသေးပေမဲ့ တချိန်မှာတော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

ဟောပြောမှုတွေ အပြီးမှာတော့ ကျောင်းသားတွေ၊ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို ရုပ်သံကနေ တိုက်ရိုက် ဖြေကြား ဆွေးနွေးခဲ့ပါတယ်။ ဒီအထဲမှာ ဒီမိုကရေစီနဲ့ ပညာရေးဆိုင်ရာတွေကို အများဆုံး ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဟောင်ကောင်တက္ကသိုလ် ဥပဒေကျောင်းသား ဆမ်ဝေါင်းက ပြောပါတယ်။

“သူက ဒီမိုကရေစီအကြောင်းနဲ့ ဒီမိုကရေစီနဲ့ ပညာရေး ဘယ်လို ဆက်နွယ်နေတယ် ဆိုတာတွေကို ပြောသွားပါတယ်။ ဒီမိုကရေစီကို ရနိုင်အောင် လူထုကို ပညာပေးဖို့၊ လူထုမှာ ပညာတွေ ပြည့်နေဖို့ အရင်ဆုံး လုပ်ရမယ်လို့ ပြောသွားပါတယ်။ ဒါဟာ အများကိုသိအောင် သူ အဓိကပြောချင်တဲ့ အချက်လို့ ကျနော် ထင်ပါတယ်။”

ဆွေးနွေး မေးမြန်းကြတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နယ်လှည့်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဇွန်လမှာစလို့ ပထမဆုံး နယ်လှည့်ခရီး ထွက်မှာဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က လုံခြုံရေးပေးမယ်ဆိုတဲ့ ပြောကြားချက်မျိုး အခုထိ မရသေးဘူးလို့ ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောင်ကောင်တက္ကသိုလ် ရာစုနှစ် အထိမ်းအမှတ် ပြောကြားတဲ့နေ့ဟာ မေလ ၃၀ ရက်နေ့ ဖြစ်တာမို့ ဒီပဲယင်း အရေးအခင်း ၈ နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်တာ ကာလက စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသူတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့အတွက် ဒီမိုကရေစီရေး လှုပ်ရှားသူ အများအပြား သေဆုံးခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ရတာ ဖြစ်ပါတယ်။

အယ်လ်ခိုင်းဒါး (Al Qaida) ခေါင်းဆောင် ဘင်လာဒင် (Osama Bin Laden) သေဆုံးမှုနဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို ဖြေကြားရာမှာတော့ အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုနဲ့ပဲ အဆုံးသတ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

ဆွေးနွေး မေးမြန်းကြတဲ့ အထဲမှာ ပရိသတ် သဘောအကျဆုံး သူ့အဖြေကတော့ တရုတ်နိုင်ငံမှာ နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ အမေးပဲ ဖြစ်ပါတယ်။

“တရုတ် ခေါင်းဆောင်တွေကို ကျမ ပါးလိုတဲ့ အမှာစကားက ရှင်းပါတယ်။ တရုတ်နိုင်ငံဟာ အောင်မြင် တိုးတက်နေတဲ့ နိုင်ငံပါ။ ဒါကြောင့် သဘောထား ကြီးနိုင်သလို ခြေလှမ်းသစ်တွေကိုလည်း ယူမယ်ဆိုရင် ယူနိုင်ပါတယ်။ လူတွေဆီက တင်ပြမှု အမျိုးမျိုးကိုလည်း ခွင့်ပြုသင့်ပါတယ်။ တရုတ်နိုင်ငံဟာ တိုးတက်တဲ့နိုင်ငံ ဖြစ်သလို ကိုယ်တိုင် အောင်မြင်မှုကိုလည်း တခြားသူတွေကို မျှဝေပါ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

XS
SM
MD
LG