သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားနဲ့ ရှမ်းတောင်ပိုင်းက ABSDF ကျဆုံးရဲဘော် ၃၄ ဦးကို ဂုဏ်ပြု


ABSDF အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ၊ ကျဆုံး ကျောင်းသားစစ်သည် (၃၄) ဦး အမှတ်တရဂုဏ်ပြုအခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်။ (၀၈၊ ဖေဖော်ဝါရီ ၂၀၁၄)
ABSDF အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ၊ ကျဆုံး ကျောင်းသားစစ်သည် (၃၄) ဦး အမှတ်တရဂုဏ်ပြုအခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်။ (၀၈၊ ဖေဖော်ဝါရီ ၂၀၁၄)
၂၅ နှစ်တာကာလအတွင်း ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကျဆုံး သွားတဲ့ ကျောင်းသား ရဲဘော် ၃၄ ဦး အတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က မိသားစုဝင်တွေ ဆီ ပေးအပ်တဲ့ အခမ်းအနားကို ဒီကနေ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ကျင်းပခဲ့ပါတယ်။ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ABSDFက လက်ရှိ နိုင်ငံရေးအခြေအနေဟာ သူတို့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အစပျိုး အခြေအနေသာရှိနေပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စတဲ့ ရည်မှန်းချက်တွေ အောင်မြင်သည်အထိ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း အခမ်းအနားမှာ ကတိပြု ပြောကြားခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က လွိုင်ကော်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ကျဆုံးရဲဘော်တွေအတွက် အခုလို ဂုဏ်ပြုအခမ်းအနားကျင်းပတာဟာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပြီး စနေနေ့ မနက်ခင်းမှာတော့ ကျဆုံးသွားသူတွေအတွက် ခရစ်ယာန်ဘာသာနဲ့ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ ဝတ်ပြု ဆုတောင်းပွဲတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဒီမိုကရေစီသူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကိုတော့ နေ့ခင်း ၁၂ နာရီမှာ လွိုင်ကော် မြို့လယ်က ဥတ္တရာရုံ ဘုန်းတော်ကြီးကျောင်းတိုက်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီလို ပွဲကျင်းပဖြစ်တာနဲ့ ပတ်သက်ပြီး ABSDF ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက အခုလို ပြောပါတယ်။

“၂၅ နှစ်တာ ကွဲကွာနေကြရတဲ့ကာလတွေမှာ မိသားစုတွေက ဘာဖြစ်ခဲ့မှန်းမသိဘူး။ မိဘတွေက သားသမီးတွေ ဘယ်ရောက်နေမှန်းမသိဘူး။ တချို့က မောင်နှမတွေက ဘယ်ရောက်နေမှန်း မသိတဲ့အပေါ်မှာ တရားဝင် အကြောင်းကြားရင်းနဲ့ပဲ ကျဆုံးသွားတဲ့ရဲဘော်တွေအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို မိသားစုဝင်တွေ လက်ထဲအပ်လိုက်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ အဖွဲ့အစည်း တစ်ခုလုံးအနေနဲ့ ကျဆုံးသွားတဲ့ ရဲဘော် ၇၀၀ ကျော်အတွက်ကို ရည်စူးပြီးတော့မှ ဆက်လုပ်သွားမယ့်အထဲကနေပြီးတော့ အစီအစဉ်တစ်ခုအနေနဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဒီကနေ့ ကျင်းပတာဖြစ်ပါတယ်။ ဒီကနေ့ဆိုလို့ရှိရင် မိသားစု (၃၄) စု၊ ကျဆုံးရဲဘော် (၃၄) ဦးအတွက် ကျနော်တို့ ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။”

လာမယ့် ၁၃ ရက်နေ့မှာလည်း ရှမ်းပြည်နယ် တောင်ကြီးမှာ အလားတူ အခမ်းအနားကျင်းပမှာဖြစ်သလို အခြား ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလည်း ဆက်လက်ဆောင်ရွက်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

ဒီကနေ့အခမ်းအနားမှာ သူတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်သည်အထိ ဆက်လက် ဆောင်ရွက်ဖို့ကိုလည်း ပြည်သူတွေကို ကတိပေးခဲ့တယ်လို့ ရဲဘော်ဆန်နီက ပြောပါတယ်။

“ဒီကနေ့ နိုင်ငံရေးအခြေအနေအောက်မှာ ကျနော်တို့ရည်မှန်းချက်တွေတော့ ဘာမှ မပြည့်သေးပါဘူး။ ကျနော်တို့ရည်မှန်းချက် (၄) ရပ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကနေ ပြည်သူလူထု တရပ်လုံး လွတ်မြောက်ရေးကိစ္စက မဖြစ်သေးပါဘူး။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကလည်း လမ်းခုလတ်မှာပဲ ရှိပါသေးတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာလည်း အပစ်အခတ်ရပ်စဲရေးပဲ ရှိပါသေးတယ်။ နိုင်ငံရေးအင်အားစု အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲကမှလျှင် ပြည်တွင်းငြိမ်းချမ်းရေးကို ကျနော်တို့ ဆက်လက် အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ရည်မှန်းချက်အောက်မှာလည်း အခုမှ အစပျိုး ဆွေးနွေးမှုနဲ့ ပညာပေးမှု အဆင့်မှာပဲ ရှိပါသေးတယ်။

"..ဆိုတော့ ဒီကနေ့ကာလကိုတော့ သတိကြီးကြီးထားပြီး လျှောက်လှမ်းရမယ့် ပထမ အစပျိုးကာလလို့ပဲ ကျနော်တို့ ပြောလို့ရပါသေးတယ်။ ဒီကနေ့ပွဲမှာလည်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေ၊ အသက် သွေး ချွေး ခန္ဓာစွန့်လှူခဲ့ရတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကိုရော မိဘပြည်သူလူထု တရပ်လုံးကိုရော ဒီကနေ့ ပေးခဲ့တဲ့ကတိက ကျနော်တို့ ဦးတည်ချက် (၄) ရပ် မပြည့်မချင်း မဆုတ်မနစ်သောဇွဲနဲ့ ကျနော်တို့ အသက်ခန္ဓာကိုစွန့်လွှတ်ပြီးတော့ ကျနော်တို့ ဆက်လက်ဆောင်ရွက်ပါမယ်လို့ ကတိပေးခဲ့ပါတယ်။”

အခမ်းအနားမှာ ကျဆုံးခဲ့သူတွေရဲ့ ဓာတ်ပုံတချို့နဲ့ အဖွဲ့အစည်းရဲ့ မှတ်တမ်း ဓာတ်ပုံတွေကိုလည်း ပြသထားပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်တဦးရဲ့အမဖြစ်သူ တယောက်ကတော့ ဒီကနေ့ သူ့ခံစားချက်ကို အခုလို ပြောပါတယ်။

“ဒီလိုပဲ ပြီးဆုံးသွားပြီလို့ ကျမ ထင်ခဲ့တယ်။ (၈၈) ကျောင်းသားအရေးအခင်းကိစ္စ ဂုဏ်ပြုအခမ်းအနားတက်ဖို့ ကျောင်းသားခေါင်းဆောင်က လာပြီးဖိတ်တော့ ကျမ အရမ်းပီတိဖြစ်တယ်။ ဝမ်းလည်းဝမ်းသာတယ်။ ဒီလို ဂုဏ်ပြုပေးတဲ့လူကြီးမင်းတွေ အကုန်လုံးကိုလည်း အရမ်းကျေးဇူးတင်တယ်ပေါ့နော်။ ကျောင်းသား ခေါင်းဆောင်တွေရော၊ ဒီမှာရှိတဲ့ အကြီးအကဲတွေရော ကျေးဇူးတင်တယ်ပေါ့နော်။ အသိအမှတ်ပြုပေးတဲ့အတွက်ပေါ့နော်။”

ကျဆုံးသွားတဲ့ ရဲဘော်၂ ဦးရဲ့အကိုဖြစ်သူကတော့ ABSDF နဲ့ အစိုးရ အပစ်အခတ်ရပ်စဲရေးအပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

“ကျနော်ရဲ့ညီဝမ်းကွဲပေါ့။ ကျဆုံးတဲ့ညီ (၂) ယောက်- အငယ်က သူ့သားတွေ ရှိသေးတာပေါ့။ သားတွေ ရှိသေးတော့ကျတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးရပြီဆိုရင် သူ့သားလည်း ကျနော်တို့နဲ့ နီးနီးကပ်ကပ်နေလို့ရပြီပေါ့။ နေလို့ရပြီးနောက် အစိုးရနဲ့လည်း အဆင်ပြေသွားတဲ့သဘောမျိုး အဲလိုမျိုး ကျနော် ခံစားရတော့ ကောင်းတယ်လို့ အဲလိုမျိုးပဲ ကျနော်မြင်တယ်။”

လွိုင်ကော်မြို့မှာ ကျင်းပတဲ့ အခမ်းအနားကို အပစ်အခတ်ရပ်စဲထားတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ)၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး(ရလလဖ) ၊ ကယန်းပြည်သစ်ပါတီ နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကယား ပြည်နယ် အခြေစိုက်နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ အပါအဝင် ဧည့်ပရိသတ် ၆၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးဆန္ဒပြပွဲကို အကြမ်းဖက်နှိပ်နင်းခံပြီးနောက် ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနယ်စပ်ဒေသကို ရောက်ရှိသွားတဲ့ ကျောင်းသားနဲ့ အလွှာ အသီးသီးက ပြည်သူတွေ စုပေါင်း ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဖွဲ့စည်း တည်ထောင်ပြီး၂၅ နှစ်အတွင်း ကျဆုံးသွားသူတွေအတွက် ဂုဏ်ပြုတဲ့ အခမ်းအနားကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မွန်ပြည်နယ်မှာလည်း တကြိမ် ကျင်းပခဲ့ပါတယ်။
XS
SM
MD
LG