သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂုဏ်ထူးဆောင်ရောမမြို့သူဆု ဒေါ်စု လက်ခံယူ


ဂုဏ်ထူးဆောင် ရောမမြို့တော်သူဆုရ ဒေါ်အောင်ဆန်းစုကြည်။ (အောက်တိုဘာ ၂၇၊ ၂၀၁၃)
ဂုဏ်ထူးဆောင် ရောမမြို့တော်သူဆုရ ဒေါ်အောင်ဆန်းစုကြည်။ (အောက်တိုဘာ ၂၇၊ ၂၀၁၃)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို ရောက်ရှိနေပြီး ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို လက်ခံ ရယူသလို တနင်္လာနေ့မှာ အီတလီနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှာဖြစ်တဲ့အပြင် ပုပ်ရဟန်းမင်းကြီးနဲ့လည်း သီးခြား တွေ့ဆုံဖို့ ရှိပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို တနင်္ဂနွေနေ့မှာရောက်ပြီးတော့ ညပိုင်းမှာတော့ ရောမမြို့ရဲ့ မြို့တော်ခန်းမမှာ ရောမမြို့ကနေပေးတဲ့ ဂုဏ်ထူးဆောင်မြို့သူဆုကို လက်ခံယူခဲ့တာပါ။ ညပိုင်းပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရောမမြို့တော်ဝန်ဖြစ်တဲ့ Ignazio Marino - နိုင်ငံခြားရေး ဝန်ကြီး (Emma Bonino) နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ကြိုဆိုပြီးတော့ ဂုဏ်ထူးဆောင် မြို့သူဆုကို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။

တကယ်တော့ အဲဒီ ဂုဏ်ထူးဆောင် မြို့သူဆုကို ၁၉၉၄ ခုနှစ်တုန်းက ရောမမြို့တော်ဝန် (Rutelli) ရဲ့လက်ထက်မှာ ချီးမြှင့်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရတာမို့ ဆုကို ကိုယ်တိုင် မယူနိုင်ခဲ့ပါဘူး။

အခု ဒီဆုကိုလက်ခံယူတော့ သူ့အနေနဲ့ ဒီဆုနဲ့ပတ်သက်ပြီးတော့ ဝမ်းမြောက်စွာနဲ့ လက်ခံယူတဲ့အကြောင်း ဒီဆုယူပြီးတဲ့မိန့်ခွန်းမှာ ပြောသွားပါတယ်။

“ကျမအတွက်ကတော့ ဂုဏ်ယူစရာကောင်းရုံတင်မဟုတ်ပါဘူး။ ရောမမြို့သူဖြစ်ရတာကို ပျော်ရွှင်ဝမ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ငယ်ငယ် ကလေးဘဝကတည်းက ရောမမြို့အကြောင်းကို သင်ဖူး၊ ကြားဖူးခဲ့လို့ပါပဲ။ ဒါကြောင့် ရောမမြို့သူဖြစ်ရတာ တကမ္ဘာလုံးရဲ့ မြို့နိုင်ငံသားလို့လည်း ပြောလို့ရပါတယ်ရှင်။”

ရောမမြို့တော်ဝန်ဖြစ်တဲ့ Ignozio Marino ကလည်း ဒီဆု မချီးမြှင့်ခင်မှာ သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို တန်ဖိုးထားသလဲဆိုတာကို အခုလို ပြောသွားပါတယ်။

“ရောမမြို့အတွက်ရော အီတလီနိုင်ငံသားတွေအတွက်ပါ ခင်ဗျားဟာ ဥပဒေစံနမူနာ-ပါ။ ဒီမိုကရေစီ တောင်းဆိုကြတဲ့ နိုင်ငံတိုင်းအတွက်၊ နောက် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးတွေကို ကာကွယ်ရမယ်လို့ ယုံကြည်တဲ့လူတိုင်းအတွက် အခြေခံကတော့ သိက္ခာရှိတဲ့ နေထိုင်မှု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား- အဲဒီအတွက် ခင်ဗျားဟာ စံပြပါပဲ” ဆိုပြီးတော့ မြို့တော်ဝန်ဖြစ်တဲ့ Ignozio Marino က အီတလီဘာသာနဲ့ ပြောသွားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုချီးမွမ်းပြောဆိုကြလို့မဟုတ်ဘဲ သူ့အနေနဲ့ ယုံကြည်ချက်အတိုင်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်-ဆိုပြီးတော့ မိန့်ခွန်းထဲမှာလည်း သူက ပြောသွားပါတယ်။

“လူတွေက ကျမကို သိပ်သတ္တိရှိတယ်၊ ဒါမှမဟုတ် သိပ်ကို မြင့်မြတ်တာတွေ လုပ်ခဲ့တယ်လို့ ပြောကြတယ်။ အဲလိုပြောတဲ့အခါတိုင်းမှာ ကျမအတွက် တွေးစရာ၊ အံ့သြစရာတွေ ဖြစ်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမအနေနဲ့ သာမန်လုပ်ရိုးလုပ်စဉ်ထက် ပိုပြီးတော့ လုပ်ခဲ့တာရှိတယ်လို့ မယူဆပါဘူး။ ကျမ ယုံကြည်တာကိုပဲ လုပ်ခဲ့တာပါ။ ကျမ ယုံကြည်တဲ့လမ်းကြောင်းကိုပဲ ရွေးခဲ့တာပါရှင်။”

လာမယ့် ကြာသာပတေးနေ့ကျရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါးမားမြို့ကချီးမြှင့်မယ့် ဂုဏ်ထူးဆောင်မြို့သူဆုကို ထပ်မံလက်ခံ ရယူဖို့ ရှိပါတယ်။ ကမ္ဘာ့သမိုင်း အမွေအနှစ်တွေ ကြွယ်ဝလှတဲ့ ဒီရောမမြို့ကြီးရဲ့ ဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည် အခုလို လက်ခံရယူတာနဲ့ ပတ်သက်ပြီးတော့ အီတလီနိုင်ငံမှာနေထိုင်တဲ့ ကိုနိုင်လင်းအောင်က ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။

“ကမ္ဘာက အသိအမှတ်ပြုတယ်ဆိုတာကိုလည်း မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ဂုဏ်ယူမဆုံးဖြစ်မိတယ်။ ဒီဆုကလည်း ပေးထားတာတော့ ကြာပါပြီ။ ကျနော်လည်း အရင်တုန်းက မျှော်လင့်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့နေ့ကျရင် လာနိုင်ပါစေ-လို့ မျှော်လင့်ထားတာပေါ့နော်။ အဲဒီအတွက်ကို ကျနော် ဝမ်းသာမဆုံး ဖြစ်မိပါတယ်။”

အီတလီနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတစ်ဦး တုံ့ပြန်ပြောဆိုသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့မနက်ပိုင်းမှာ အီတလီဝန်ကြီးချုပ်နဲ့ တွေ့အပြီး အီတလီသမ္မတ Giorgio Napolitano ကို သွားရောက်တွေ့ဆုံမှာ ဖြစ်သလို အီတလီ နိုင်ငံခြားရေးဝန်ကြီး (အန်းမား ဘိုးနီးနို့)နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ဖို့ ရှိပါတယ်။

နေ့လည်ပိုင်းမှာတော့ အီတလီအထက်နဲ့အောက် လွှတ်တော် (၂) ရပ်လုံးကို သွားရောက်လေ့လာပြီး ညပိုင်းမှာတော့ အထက်လွှတ်တော် ဥက္ကဋ္ဌ Pietro Grassoနဲ့ တွေ့ဆုံမှာ ဖြစ်သလို အီတလီ တရားရေးဌာန အကြီးအကဲ မစ္စ ဘိုဒရီနီ (Laura Boldrini) နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ရောမ ဂုဏ်ထူးဆောင်မြို့သူဆု လက်ခံရယူခဲ့တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ (၃၀) ရက် ဗုဒ္ဓဟူးနေ့၊ စိန့်လူစီးယား Saint Lucia ခန်းမမှာ လူထုပရိသတ်ကို မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။ အဲဒီနေ့ နေ့လည်ပိုင်း အော်လာ မက်ဂ်နာ (Aula Magna)မှာ ဂုဏ်ထူးဆောင် တွေးခေါ်ပညာရှင်ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမှာဖြစ်ပါတယ်။
XS
SM
MD
LG