သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလား အတွက် မြန်မာနိုင်ငံက အမှတ်တရ ဂုဏ်ပြုစကားများ


တောင်အာဖရိကလူထုကို နူတ်ဆက်နေတဲ့ မန်ဒဲလား။
တောင်အာဖရိကလူထုကို နူတ်ဆက်နေတဲ့ မန်ဒဲလား။
မစ္စတာမန်ဒဲလားကွယ်လွန်သွားတဲ့အတွက် အထူးပဲ ဝမ်းနည်းကြေကွဲရပါကြောင်း နဲ့ မဟာလူသားတစ်ဦးအဖြစ် ဂုဏ်ပြုပါကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ သူကွယ်လွန်သွားတာဟာ တကမ္ဘာလုံးအတွက် ဆုံးရှုံံးမှုဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောသလို သူကွယ်လွန်သွားပြီ ဖြစ်ပေမဲ့လည်း သူ့ရဲ့ပေးဆပ်ခြင်းတွေဟာ အချည်းနှီးမဖြစ်ခဲ့ပါဘူးလို့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး လှုပ်ရှား မှုခေါင်းဆောင် ၊ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် မစ္စတာ နယ်လ်ဆန်န် မန်ဒဲလား မြန်မာ စံတော်ချိန် သောကြာနေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တဲ့အပေါ် ဒီကနေ့မှာပဲ စတင်ကျင်းပတဲ့ Women’s Forum ဖွင့်ပွဲအခမ်းအနားမှာ ပြောတဲ့ မိန့်ခွန်းထဲ ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုပြီးတော့ ထည့်သွင်း ပြောဆိုသွားတာပါ။

“ဒီကမ္ဘာကြီးမှာ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးအတွက် ရပ်တည်တိုက်ပွဲဝင်ခဲ့သူ ကွယ်လွန်သွားခဲ့တဲ့အတွက် ကျမ အနေနဲ့ အလွန်အမင်းပဲ ဝမ်းနည်းကြေကွဲရပါကြောင်း ပြောချင်ပါတယ်။ ဘယ်သူ တစ်ဦးတစ်ယောက်မှ သူ့ရဲ့ အသားအရောင် ကြောင့်၊ သူ့ကိုမွေးဖွားခဲ့တဲ့ အခြေအနေ အကြောင်းရင်းတွေကြောင့် အပြစ်ပေးမခံရသင့်ဘူးဆိုတာ ကျမတို့အားလုံးကို သူက နားလည်စေခဲ့ပါတယ်။ သဘောထားတွေ အမြင်တွေကို ပြောင်းလဲခြင်းအားဖြင့် ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ် ဆိုတာကိုလည်း သူက ကျမတို့ကို နားလည်စေခဲ့ပါတယ်။ ဒီအကြောင်း တွေကြောင့် လူသားရဲ့တန်ဖိုးကို မြှင့်တင်ပေးခဲ့သူ မဟာလူသားတစ်ဦး အဖြစ် ကျမ သူ့ကို ဂုဏ်ပြုချင်ပါတယ်။”

မစ္စတာမန်ဒဲလားဟာ ထောင်ဒဏ် ၂၇ နှစ် ကျခံခဲ့ရသူဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း သူ့လိုပဲ နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရသူတွေ အများအပြားရှိပါတယ်။ အဲဒီထဲကတစ်ဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက မစ္စတာမန်ဒဲလား ကွယ်လွန်သွားတာဟာ ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ပါတယ်လို့ ပြောသလို သူ့ရဲ့စွမ်းဆောင်ချက်နဲ့ ဒီကနေ့ မြန်မာနိုင်ငံ အခြေအနေကိုလည်း နှိုင်းယှဉ် ပြောဆိုခဲ့ပါတယ်။

"ကမ္ဘာကြီးအတွက် ဆုံးရှုံးမှုပေါ့ဗျာနော်။ လူတစ်ယောက် လူတစ်ဦး အတွက် လူတစ်စုအတွက် တစ်နိုင်ငံအတွက် နောက်ပြီးတော့ နှစ်နိုင်ငံ သုံးနိုင်ငံအတွက် မဟုတ်တော့ဘူး။ သူက တကယ့်ကို ကမ္ဘာကြီးရဲ့ ဒီမိုကရေစီ ဖခင်လိုတောင်ဖြစ်သွားပြီပဲ။ အဲဒီတော့ ဘယ်လိုနည်းနဲ့မှတော့ ကျနော်တို့ ဒီလိုလူမျိုးကို နောက်ထပ်ရှာလို့ ရတော့မယ်တော့ မထင်ဘူး။ နောက်ပြီးတော့ ကျနော်တို့ ထွန်းသစ်စနိုင်ငံတွေအတွက်လည်း သူက စံနမူနာပဲလေ။ သူယုံကြည်ချက်ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကို သူ မားမားမတ်မတ် ရပ်တည်သွားပြီးတော့ အောင်မြင်တဲ့ နိုင်ငံတစ်ခုဖြစ်အောင်လုပ်သွားတာကိုးဗျ။ နောက်ပြီးတော့ ကောင်းတာက သင်ပုန်းခြေရေးမူက တော်တော်လေးကောင်း တယ်ပေါ့ဗျာ။ အဖြူနဲ့အမည်း။ ဒီမှာက ဒီနိုင်ငံက ကြည့်ရင်တောင်မှ ဘယ်လိုမှ မတည့်နိုင်တဲ့ အခြေအနေမျိုးမှာဖြစ်နေတဲ့ကိစ္စမှာ သူကတော့ စံနမူနာလို့ ကျနော်တို့ပြောလို့ရပါတယ်။ ဒီလိုမျိုး ကမ္ဘာ့ခါင်းဆောင်ကြီး တစ်ဦးဆုံးရှုံးမှုဟာ တော်တော်လေးကို ကြီးမားတဲ့ဆုံးရှုံးမှုလို့ပဲ ပြောရမှာပေါ့ဗျာ။"

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ဟာလည်း နှစ်ရှည် ထောင်ကျခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးပါ။ မစ္စတာမန်ဒဲလားရဲ့ အကျဉ်းသားဘဝကို ခံစားနားလည်နိုင်ပါတယ်လို့ ကိုမင်းကိုနိုင်က ပြောပါ တယ်။ သူ့ရဲ့ကြိုးပမ်းလုပ်ဆောင်ချက်တွေဟာ အချည်းနှီးမဖြစ်ဘူးဆိုတာကို ဒီကနေ့ကမ္ဘာကြီးက သက်သေပြနေပြီး အသားအရောင်ခွဲခြားမှုကို ဘယ်လိုနေရာမျိုးမှာမှ လက်မခံကြတော့ဘူးဆိုတာနဲ့ပတ်သက်ပြီး ကိုမင်းကိုနိုင်က ဥပမာနဲ့ ပြောပြခဲ့ပါတယ်။

"အရေးကြီးတဲ့ ပုံရိပ်တစ်ခုပေါ့ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ သူက အရှည်ကြာဆုံး နိုင်ငံရေးအကျဉ်းသားထဲမှာ ပါတာပေါ့။ တကယ့်ကို အသားအရောင် ခွဲခြားမှုအတွက် ထင်ရှားတဲ့ သားကောင် တစ်ယောက်ကိုပြပါ ဆိုရင် သူ့ကိုပြရလိမ့်မယ်။ သူက သားကောင်လည်း ဖြစ်သလို အဲဒါကို တွန်းလှန်ခဲ့တဲ့ခေါင်းဆောင် တစ်ယောက်လည်းဖြစ်တယ်ဗျ။ ဆိုလိုတာက သူ့ရဲ့ နှစ်ဆယ့်ခြောက် နှစ်ဆယ့်ခုနှစ်နှစ်လောက် နေခဲ့ရတဲ့ အကျဉ်းသားဘဝကို ကျနော်တို့က ပိုပြီးတော့ ခံစားလွယ်ပါတယ်ဗျာ။ ကျနော်တို့လည်း သူ့လိုပဲ ဖြတ်သန်းခဲ့ကြတာဆိုတော့။ အဲဒီတော့ ကျနော်နားလည်လိုက်တာက သူ့ရဲ့ပေးဆပ်ခြင်းတွေက အချည်းအနှီးမဖြစ်ဘူးဆိုတာပဲ။

အခုသူမရှိတော့ဘူးဆိုပေမယ့် သူစပြီးတော့ သူတို့ဖောက်ခဲ့တဲ့လမ်းပေါ့ဗျာ အသားအရောင် ခွဲခြားမှုဆိုတာက ကမ္ဘာမှာ ရှက်စရာကောင်းတဲ့အလုပ် မလုပ်အပ်တဲ့အလုပ်ဆိုတာ ကျနော်တို့ဘောလုံးပွဲတွေတောင်မှာမှ ထင်ထင်ရှားရှားတွေ့နေရပြီဗျ။ ဘောလုံးပွဲတစ်ခုမှာ အသားအရောင်ခွဲခြားတဲ့ အမူအရာကိုပြမိတာနဲ့အဲဒီပရိသတ် အဲဒီကစားသမား အကုန်လုံးအရေးယူခံရတာ ကမ္ဘာက လက်မခံတော့ဘူးဆိုတာပြနေတာ။ ဒါဟာ မန်ဒဲလား အပါအဝင်ပေါ့။ လွတ်မြောက်ရေးကြိုးပမ်းခဲ့ကြတဲ့ အသားအရောင်ခွဲခြားမှုကို တိုက်ဖျက်ခဲ့ကြတဲ့ အားလုံးရဲ့အောင်ပွဲတစ်ခုပါပဲ။"

မစ္စတာမန်ဒဲလား ကွယ်လွန်သွားတဲ့သတင်း ထွက်လာအပြီး အချိန်ပိုင်း အတွင်းမှာပဲ ကမ္ဘာ့တဝန်း နိုင်ငံအသီးသီးရဲ့ ခေါင်းဆောင် တွေက ဝမ်းနည်း ဂုဏ်ပြုစကားတွေ တရားဝင် ပြောခဲ့ကြပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း မစ္စတာမန်ဒဲလား ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်း တောင်အာဖရိကသမ္မတနိုင်ငံ သမ္မတ မစ္စတာ Jacob Zuma ထံ သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကသူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာကနေ တဆင့်ပြောထားပါတယ်။
XS
SM
MD
LG