သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒု သမ္မတသစ်တွေအပေါ် အများမျှော်လင့်


ဒု သမ္မတအဖြစ် ရွေးခြယ်ခံထားရသော NLD ပါတီမှ ဦးထင်ကျော်။ (ဓါတ်ပုံ - REUTERS/Soe Zeya Tun)
ဒု သမ္မတအဖြစ် ရွေးခြယ်ခံထားရသော NLD ပါတီမှ ဦးထင်ကျော်။ (ဓါတ်ပုံ - REUTERS/Soe Zeya Tun)

ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တပ်မတော် က ရွေးချယ် တင်မြှောက်လိုက်တဲ့ ဒု သမ္မတတွေရဲ့ ကိုယ်ရေးအချက်တွေကို အများပြည်သူ သိရှိနိုင်အောင်လို့ နိုင်ငံပိုင်သတင်းစာတွေက တဆင့် ထုတ်ပြန်ကြေငြာ လိုက်ပါတယ်။ နောင်တက်လာမယ့် အစိုးရသစ်ကိုဦးဆောင်မယ့် သမ္မတနဲ့ ဒုသမ္မတ နှစ်ဦးကို ပြည်ထောင်စုလွှတ်တော်မှာ ရှေ့သီတင်းပတ်ထဲ မဲခွဲ ဆုံးဖြတ်ရွေးချယ် ကြတော့မယ့် အချိန်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဘက်က အခု တက်လာမယ့် အစိုးရသစ်ကို ဦးဆောင်မယ့် သမ္မတတွေအပေါ် ဘယ်လို မျှော်လင့်ချက်တွေရှိသလဲ ဘယ်လိုသဘောထားအမြင်တွေ ရှိသလဲ ဆိုတာကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီကနေ့ မတ်လ ၁၂ရက်နေ့ စနေနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် က ရွေးကောက်တင်မြှောက်လိုက်တဲ့ ဒုသမ္မတနှစ်ဦး တပ်မတော်က တင်မြှောက်လိုက်တဲ့ ဒုသမ္မတတဦးအပါအဝင် ဒုသမ္မတ သုံးဦးရဲ့ ကိုယ်ရေးရာဇဝင် အချက်အလက်တွေကို အများပြည်သူ သိရှိနိုင်အောင် ထုတ်ပြန်ကြေညာလိုက် တာပါ။

ရှေ့သီတင်းပတ် မတ်လ ၁၅ရက်နေ့ကျရင် ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး မဲအများစုရရှိသူကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီး ကျန်နှစ်ဦးကို ဒုသမ္မတ (၁) ဒုသမ္မတ (၂) ရာထူးတွေကို ပြည်ထောင်စုလွှတ်တော်မှာ ခန့်အပ်မှာဖြစ်ပါတယ်။

နောင်တက်လာမယ့် အစိုးရသစ်ကိုဦးဆောင်မယ့် သမ္မတနဲ့ ဒုသမ္မတတွေ အပေါ် အဆိုတော်တဦးလည်းဖြစ် လူ့အခွင့်အရေး လှုပ်ရှားသူတဦးလည်းဖြစ်တဲ့ အဆိုတော်စောဖိုးခွားက အကောင်းမြင်မျှော်လင့်ပါတယ်။

“ကျွန်တော် အခု သူတို့တွေ ရွေးခြယ်လာမယ့် သူတွေအပေါ်မှာကော အစိုးရသစ် အတွက်ပေါ့။ ဒါအသစ်ဆိုတဲ့ အပေါ်မှာပေါ့ ကျွန်တော် ကြိုဆိုတယ်။ ကျွန်တော် ကျေနပ်မှုလည်း ရှိတယ်။ မျှော်လင့်ချက်တွေကတော့ ဘာတွေ ထားလဲ ဆိုတော့။ အရင် ပုံစံတွေနဲ့ မတူညီပဲ ပြောင်းလဲတဲ့ အကောင်းဘက်ကို မျှော်လင့်ထားတဲ့ အရာတွေကို လုပ်ကိုင် ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ကျွန်တော် အများကြီး မျှော်လင့်ထားပါတယ်။ ဟုတ်ကဲ့။ ”

မဆုမွန်။ ။ ရှေ့ဆက်လာမယ့် ငါးနှစ်သက်တမ်းအတွင်း သမ္မတတွေ လုပ်ဆောင်ကြမယ့် ဦးဆော်ငမှုတွေအပေါ်မှာရော ဘယ်လောက်အထိများ မျှော်လင့်ချက်ထားပါလဲရှင့်။ ဘယ်လောက်အတိုင်းအတာအထိများ ဦးဆောင်မှုပေးနိုင်မယ်လို့ ယုံကြည်ပါလဲရှင်။

”ပြည်သူတွေကနေပဲ လိုလားတယ်။ ပြည်သူတွေနဲ့ပဲ တိုက်ရိုက် သက်ဆိုင်တဲ့ လွတ်လပ်စွာပေါ့ တိုင်းပြည်ရဲ့ အရှေ့အတွက်ကို အုပ်ချုပ်နိုင်တဲ့ လူတွေနဲ့ ပါဝင် လုပ်ကိုင်ဆောင်ရွက်နိုင်တယ်။ အဲဒီတော့ ဒီအတွက်နဲ့ ၁၀၀ ရာခိုင်နှုန်း လုပ်နိုင်မယ်ဆိုရင် တော့ အရမ်းကောင်းတယ်လို့ ကျွန်တော် မြင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ အဟောင်းမှာက အရပ်သား အစိုးရလို့ ပြောထားပေမယ့်လည်း ကျွန်တော်တို့မှာက မလွတ်လပ်ပဲ မကင်းရာ မကင်းကြောင်းတွေနဲ့ လုပ်ကို်င်ဆောင်ရွက်နေရတဲ့ အပိုင်းတွေမှာလည်း ကျွန်တော်တို့ တွေ့နေရတာကတော့ အဲဒီဟာတွေ ရှိနေသမျှကတော့ အကောင်းဘက်ကို မလာနိုင်ဘူးလို့ ကျွန်တော်တွေးထင်ထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့လိုလားတာက လွတ်လွတ်လပ်လပ် ၁၀၀ ရာခိုင်နှုန်း လုပ်နိုင်တဲ့ အစိုးရသစ်တစ်ခုကို မျှော်လင့်သလို၊ အဲဒီ အစိုးရကပဲ ကျွန်တော်တို့ ပြည်သူအတွက် အကောင်းကို ဆောင်ရွက်သွားနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဟုတ်ကဲ့”

အဆိုတော်စောဖိုးခွားလိုပါပဲ ရန်ကုန်မြို့ခံ ဦးမြတ်ကျော်ဝင်းကလည်း အနိုင်ရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ပြီး ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်စလုံးက ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ ဦးထင်ကျော်နဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူတို့ဟာ သမ္မတ အရည်အချင်း နဲ့အညီ နိုင်ငံတော်ကို ဦးဆောင်နိုင်မယ့်သူတွေအဖြစ် ရှုမြင်ပါတယ်။

”အခု ရွေးခြယ်တင်မြှောက်တဲ့ ဒုတိယ သမ္မတ သုံးဦးပေါ့။ တပ်မတော်က တစ်ယောက်တင်တယ်။ ပြည်သူတွေဘက်က နှစ်ယောက်တင်တယ်။ NLD ကပဲ ရပါတယ်။ ဦးထင်ကျော်နဲ့ ဟင်နရီ ဗန်ထီးယူ။ စစ်တပ်က တင်တာတော့ မပြောဘူးပေါ့ သမီးရယ်။ အခု တို့ ဒီဘက်က တင်တဲ့ နှစ်ယောက်စလုံးကိုတော့ တိုင်းပြည်က တော်တော်လေး သဘောကျပါတယ်။ ဦးထင်ကျော် ဆိုတာလည်း တကယ့် အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို တင်တာတော့ တကယ်ပဲ သဘောကျပါတယ် တို့နိုင်ငံအနေနဲ့။ အဲဒီလိုပဲ ချင်းပြည်နယ်က ချင်းတိုင်းရင်းသား၊ သူလဲ တပ်မတော်ထွက်ပါပဲ။ သူလဲ ဗိုလ်မှုးပဲ စက်မှု (၁) မှာ သူက ချင်းလူမျိုး။ ချင်းဆိုတာ ဗမာပါပဲ။ တိုင်းရင်းသားထဲမှာပါတယ်။ ကယားပဲ ဖြစ်ဖြစ်၊ ချင်းပဲ ဖြစ်ဖြစ်၊ ရှမ်းပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ် တိုင်းရင်းသား ၇မျိုး စလုံး။ ဟုတ်လား တိုင်း၇တိုင်းနဲ့ ပြည်နယ် ရခုစလုံးဟာလဲ တို့ မြန်မာပြည်ထဲမှာ ရှိတော့ အခုလို တို့က လက်ခံပါတယ်။ သူတို့ နှစ်ယောက်က အိုကေတယ်။ တပ်မတော်ကတင်တာလဲ ဒါအန်ကယ်တို့ အမြင် အတွေ့အကြုံအရ NLD ကပဲ အများစုက နိုင်ထားတော့ လွှတ်တော်ကပဲ ရွေးရမှာပေါ့။”

ရွေးကောက်ပွဲမှာ အနိုင်ရပါတီ NLD ကို မဲပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် နိုင်ငံကို ဦးဆောင်ဦးရွက် ပြုစေချင်တဲ့ ဆန္ဒရှိသူတွေထဲ ထ ိုင်းနိုင်ငံရောက် အလုပ်သမားရေးလှုပ်ရှားသူ မသက်သက်ဦးပါဝင်ပါတယ်။ မသက်သက်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ်တာဝန်မယူနိုင်သေးပေမဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ပါတီဦးဆောင်တဲ့သမ္မတလက်ထက် နိုင်ငံကို ကောင်းအောင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်မျှော်လင့်ပေမဲ့လို့ တပ်ဘက်က တင်မြှောက်လာတဲ့ ဒုသမ္မတရဲ့စွမ်းဆောင်နိုင်မှုအပေါ်မှာတော့ စိုးရိမ်မှုရှိနေပါတယ်။

”NLD ဟာ တဖြည်းဖြည်းနဲ့တော့ နိုင်ငံရေး အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်လိမ့်မယ်လို့ ကျွန်မက မျှော်လင့်ထားတယ်။”

အခုလက်ရှိ ရွေးချယ်တင်မြှောက်ခံ ဒုသမ္မတ သုံးဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်က တင်မြှောက်လိုက်တဲ့ ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်က တင်မြှောက်လိုက်တဲ့ ဦးဟင်နရီဗန်ထီးယူနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက ရွေးချယ်လိုက်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်လည်းဖြစ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးမြင့်ဆွေတို့ သုံးဦးကို သမ္မတအရည်အချင်းစိစစ်ရေးအဖွဲ့က စစ်ဆေးနေပြီဖြစ်ပါတယ်။

မတ်လ (၁၀)ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းနဲ့ ပြည့်စုံမှု ရှိ-မရှိ စိစစ်ရေး အဖွဲ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူလွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ NLD ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမျိုးအောင်၊ NLD အမျိုးသားလွှတ်တော်အမတ် ဦးဘမျိုးသိန်းနဲ့ တပ်မတော် လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးတို့ ပါဝင်ပါတယ်။

XS
SM
MD
LG